မကွေး၌ ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရန် ဒေသခံများလိုလားနေ

မကွေး၌ ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရန် ဒေသခံများလိုလားနေ

မကွေး၊ ဇွန် ရ ။            ။ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှစ၍ လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုကို ၁၂ နှစ်ကြာ ရပ်နားထားခဲ့သည့် မကွေးမြို့၊ လေယာဉ်ကွင်းတွင် ဒေသဖွံ့ဖြိုးရေးရှေးရှုကာ   ပြန်လည်ပြေးဆွဲပေးရန် မကွေးဒေသခံများက လိုလားနေကြကြောင်း သိရသည်။

“ လေယာဉ် မရှိလို့ မဆင်းတာလား ၊ စီးမယ့်ခရီးသည်မရှိလို့ မဆင်းတာလား။ သေချာမသိဘူး ဖြစ်နေတယ်။ တိုင်းမြို့ကြီးလည်း ဖြစ်တယ်။ လေယာဉ်ကွင်းလည်း ရှိတယ်။ ဒေသရဲ့လိုအပ်ချက်လည်း တစ်ခုဖြစ်ပါတယ်။ လေယာဉ်ကွင်းရှိပြီး ခရီးသည်တင်လေယာဉ်မဆင်းတာက ဒေသရဲ့ပုံရိပ်ကိုလည်း ကျစေပါတယ်။ အခွင့်အလမ်း တွေလည်း ဆုံးရှုံးစေပါတယ်။ လေယာဉ်ခရီးစဉ်တွေမှာ မကွေးကို ထည့်သွင်းပြီး ဆင်းစေချင်ပါတယ်” ဟု မကွေးဒေသခံ ဦးဌေးလွင်သောင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး ၊ မကွေးလေယာဉ်ကွင်းသည်  သက်တမ်း ၁၅ နှစ်ရှိနေပြီဖြစ်ပြီး ၃နှစ်ခန့် လေကြောင်း ခရီးစဉ်များ ပြေးဆွဲခဲ့ပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ၂၀၁၈ ခုနှစ်အထိ ခရီးသည်တင်လေယာဉ်များ ဆင်းသက်မှု မရှိတော့ခြင်း ဖြစ်သည်။

“ စီးမယ့်သူမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လေယာဉ်မဆင်းတော့တာပါ။ မကွေးမှာ လေယာဉ်ဆင်းရင် စီးမယ့်သူ မရှိဘူးလို့ ပြောတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ဆင်းပေးပါ။ ရှုံးတဲ့ဟာကို ကျွန်တော်ခံမယ်။ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ဖို့ ရှုံးတဲ့ဟာကို ကျွန်တော်ခံမယ်။ လေယာဉ်ဆင်းစေချင်ပါတယ်။ လူမှုရေး ၊ သက်ကြီးရွယ်အိုတွေရဲ့ ဆေးဝါးကုသရေး ၊ နိုင်ငံတကာခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် NGO တွေ အဝင်အထွက်များနေတဲ့အချိန်မှာ ဒါက မကွေးတိုင်းရဲ့ လိုအပ်ချက် ဖြစ်နေပါတယ်။ အချိန်ကို ချုံ့သွားရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်” ဟု မကွေးတိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစံထွေးက ပြောသည်။

လက်ရှိလေယာဉ်ကွင်းမှာ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို သိမ်းဆည်းကာမြေအကျယ် ( ၈၁၈.၈၂) ဧက ပေါ်တွင် ၂၀၀၁ ခုနှစ်တွင် စတင်ဆောက်လုပ်ပြီး ၂၀၀၃ခုနှစ် ဇွန်လ ၆ ရက်နေ့ လေယာဉ်ကွင်း ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မကွေးလေယာဉ်ကွင်းတွင် ပြေးလမ်းအရှည် ၈၅၀၀ ပေ ၊ အကျယ် ပေ ၂၀၀ရှိကာ မြန်မာ့လေကြောင်း ပိုင် ခရီးသည် ၁၀၀ ကျော်ဆံ့သည့် Jet လေယာဉ်ကြီးများဆင်းသက်နိုင်ကြောင်း ၊ သိမ်းဆည်းခံတောင်သူများ အား လျော်ကြေးနှစ်ကြိမ်ပေးခဲ့ပြီး လျော်ကြေးလက်မခံသော တောင်သူများစွာ ကျန်နေသေးကြောင်း မကွေးလေဆိပ်မှ သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လေယာဉ်ခရီးစဉ်များရှိစေချင်သော်လည်း ပို့ဆောင်ရေးဝန်ကြီးဌာန ၊ လေကြောင်းလိုင်း များ ၊ ဒေသတွင်းအစိုးရ နှင့် ပြည်သူများပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေမည်ဟုထင်မြင်ကြောင်း ၊မိမိတို့ဌာနအနေဖြင့် လေယာဉ်များ ဆင်းသက်ပျံသန်းရာတွင် အန္တရာယ်ကင်းရှင်းရေးကို အဓိကထား ၀န်ဆောင်မှုပေးဆောင်ရွက်နေပြီး လေယာဉ်များ ညအချိန်၌ပင် ဆင်းသက်နိုင်အောင် လုပ်ဆောင်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊မကွေးလေဆိပ်မန်နေဂျာ (လေကြောင်းထိန်း) ဦးမင်းအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly