ဆီးရီးယားသမ္မတ အာဆတ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

ဆီးရီးယားသမ္မတ အာဆတ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

 

ဇွန် ၄ ။                           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်တို့ တွေ့ဆုံဖို့ ရှိကြောင်း ပြံုယမ်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန်လ ၃ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ခေါင်းဆောင် ကင်မ်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားဆီ လာရောက်ဖို့ စီစဉ်နေပြီဖြစ်တယ်ဆိုပြီး ဆီးရီးယားသမ္မတဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြပါတယ်။

အာဆတ်ရဲ့ ယင်း ခရီးစဉ်သာ ဖြစ်လာမယ်ဆိုရင် ဒါဟာ အထီးကျန် မြောက်ကိုရီးယားနိုင်ငံဆီ လာပြီး ခေါင်းဆောင် ကင်မ်နဲ့ လာရောက်တွေ့ဆုံတဲ့ ပထမဆုံးသော နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်လာဖို့ ရှိနေပါတယ်။

အာဆတ်အနေနဲ့ ဘယ်နေ့ဘယ်ရက်မှာ ကင်မ်နဲ့ တွေ့ဆုံမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

" ကျွန်တော် မြောက်ကိုရီးယားကို သွားလည်မှာဖြစ်ပါတယ်၊ ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်" ဆိုပြီး အာဆတ်က ပြောကြားခဲ့ကြောင်း KCNA က ကိုးကားဖော်ပြပါတယ်၊

ဒါဟာ ဇွန်လ ၁၂ ရက် စင်ကာပူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့ရဲ့ သမိုင်းဝင်ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာပဲ ခုလို အာဆတ်နဲ့ ကင်မ် တို့ တွေ့ဆုံကြမယ့် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြံုယမ်းနဲ့ ဒမတ်စကပ်စ် တို့အကြားမှာတော့ ဆယ်စုနှစ်များစွာ ကြာကတည်းက နွေးထွေးတဲ့ ဆက်ဆံရေး တစ်ရပ် ထူထောင်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း စစ်ရေးပိုင်းဆိုင်ရာ ချိတ်ဆက် ဆက်ဆံမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly