မဟာမြိုင်သစ်ခိုးကားအချို့ဖမ်းဆီးရမိ၊ သစ်ခိုးထုတ်သူများ ထွက်ပြေးလွတ်မြောက်

မဟာမြိုင်သစ်ခိုးကားအချို့ဖမ်းဆီးရမိ၊ သစ်ခိုးထုတ်သူများ ထွက်ပြေးလွတ်မြောက်
ဓာတ်ပုံ - Sagaing Regional Information Page

ဇွန် ၄ ၊ကလေးဝ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၊ မဟာမြိုင်သစ်တောကြီးအတွင်း သစ်များခိုးထုတ်နေကြောင်း ဒေသခံကျေးရွာသားများ၏ သတင်းပေးချက်အရ သစ်များအပြည့်တင်ဆောင်ထားသည့် ကား (၅) စီး ဇွန်လ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ကလေးဝမြို့နယ်၊ ယုဇလယ်-အင်ဒုတ်လမ်းပေါ်တွင် ကျေးရွာများသွားလာ၍မရအောင်လမ်းပိတ်ဆို့ခြင်း၊ လမ်းပျက်ခြင်းများဖြစ်အောင်ပြု၍ သစ်များခိုးယူနေကြောင်း ကျေးရွာသားများ၏ သတင်းပို့တိုင်ကြားချက်အရ ကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်သောအဖွဲ့မှ သွားရောက်ဖမ်းဆီးရာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

" သစ်တစ်ကား ၃၊ ၄ တန်လောက်ပါမယ် ။ ၁၀ဘီးကားတွေ၊ ၆ဘီးကားတွေ ဖမ်းမိတာပါ  တန်ချိန်ဘယ်လောက်ဆိုတာကတော့ သစ်တောပိုသိမှာ။ ကျွန်တော်မသိဘူး  ။ ရွာသားတွေက သတင်းပေးလို့ ဖမ်းဆီးနိုင်တာပါ။ တရားခံတွေကတော့ တစ်ယောက်မှ မမိသေးဘူး။ ထွက်ပြေးကုန်တယ်"ဟု ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ကပြောသည်။

သစ်ခိုးထုတ်သူများမှာ ကားနှင့်သစ်များကို စွန့်ပစ်၍ ထွက်ပြေးလွတ်မြောက်လျှက်ရှိပြီး မြို့နယ်သစ်တောနှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့မှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly