တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်လျှင် ဖိလစ်ပိုင်က စစ်ဖြစ်သွားမည်ဟု ဒူတာတေး ပြော

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်လျှင် ဖိလစ်ပိုင်က စစ်ဖြစ်သွားမည်ဟု ဒူတာတေး ပြော

မနီလာ၊ မေ ၃၀ ။          ။ အငြင်းပွား တောင်တရုတ်ပင်လယ်အရေးတွင် ဖိလစ်ပိုင်စစ်သားများ ထိခိုက်နာကျင်ခဲ့ပါက နိုင်ငံအနေဖြင့် စစ်ဖြစ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒူတာတေးက ပြောသည်ဟု ၎င်း၏ ထိပ်တန်းလက်ထောက်တစ်ဦးက မေ ၃၀ ရက်က ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်စစ်သားများကို တရုတ်က အနှောင့်အယှက်ပေးနေသည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် အမျိုးသားလုံခြံုရေးအကြံပေး ဟာမိုဂျီနီအီစပါရွန်က ယခု မှတ်ချက်ပြုစကားကို ပြောခြင်း ဖြစ်သည်။

အငြင်းပွား ရေပြင်တွင် တရုတ်၏ ခြေတံလက်တံ ဆန့်မှုအပေါ် ဒူတာတေး အစိုးရက တုံ့ပြန်ရာတွင် ပျော့ညံ့သည်ဆိုသော ဝေဖန်မှုများ ရှိထားခြင်းကို ချေဖျက်လာသည့် မှတ်ချက်စကားအဖြစ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

“အခြား ရွေးချယ်ခွင့်ပါပဲ။ သမ္မတက ပြောပါတယ်။ ဒီအငြင်းပွားပိုင်နက်မှာ သူ့စစ်သားတွေ ထိခိုက်လာရင် ကန့်သတ်ကြိုးနီးမျဉ်းကို ချိုးဖောက်ခံရတာပဲလို့ ပြောပါတယ်။”ဟု သတင်းထောက်များအား အီစပါရွန်က ပြောသည်။

“ပတ်ချ်အက်ဆာကျွန်းမှာ ကျွန်တော်တို့ လူတွေ ထိခိုက်မယ်ဆို ကျွန်တော်တို့က စစ်ဖြစ်မယ်လို့ ပြောနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို ဖိနှိပ်နေမယ်ဆိုရင်တော့ ဒါဟာ လက်ပါစရာ ဖြစ်လာလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဖိနှိပ်ခံနေမှာ မဟုတ်လို့ပဲ။”ဟု ၎င်းက ဆိုသည်။

ပတ်ချ်အက်ဆာကျွန်းသည် သီတူကျွန်းအဖြစ်လည်း အသိများပြီး အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း ကျွန်းများမှ အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်ကာ ဖိလစ်ပိုင်တပ်များ တပ်စွဲထားသည့် ကျွန်းလည်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly