Starbucks ကော်ဖီဆိုင်ပေါင်း ၈၀၀၀ ပိတ်ကာ အလုပ်သမားများကို လူမျိုးရေးခွဲခြားမှု တိုက်ဖျက်သည့် သင်ခန်းစာများ ပို့ချ

Starbucks ကော်ဖီဆိုင်ပေါင်း ၈၀၀၀ ပိတ်ကာ အလုပ်သမားများကို လူမျိုးရေးခွဲခြားမှု တိုက်ဖျက်သည့် သင်ခန်းစာများ ပို့ချ

၀ါရှင်တန်၊ မေ ၃၀ ။         ။ အမေရိကန်နိုင်ငံတစ်ဝန်းရှိ Starbucks ကော်ဖီဆိုင်ပေါင်း ၈၀၀၀ နီးပါးကို မေ ၂၉ ရက် နေ့လယ်ပိုင်း၌ ပိတ်ထားပြီး ဆိုင်ဝန်ထမ်းများအား လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး သင်ခန်းစာများ အချိန် လေးနာရီစာ သင်ရိုးကို ပို့ချပြီဖြစ်သည်။

“ဒီနေ့လယ် နာရီအတန်ကြာမှာ ကျွန်တော်တို့ဟာ ဆိုင်တွေနဲ့ ရုံးတွေကို ပိတ်ထားပြီး ၀န်ထမ်းတွေကို လူတိုင်းအပေါ် နွေးထွေးစွာ ကြိုဆိုဆက်ဆံရေးအကြောင်း ဆွေးနွေးကြပါမယ်။”ဟု Starbucks ကုမ္ပဏီက တွစ်တာတွင် မေ ၂၉ ရက်က ရေးသားသည်။

“စားသုံးသူ ပြည်သူတွေရဲ့ သည်းခံမှုနဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Starbucks ကော်ဖီဆိုင်တွေကို အားလုံးအတွက် အထူးစုရုံးရောက်ရှိ ထိုင်စရာအဖြစ် တည်ခင်းနိုင်ရေးအတွက် ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။”ဟု ကုမ္ပဏီက ဖြည့်စွက်ပြောသည်။

ယခု လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သင်ခန်းစာများအတွက် ကုမ္ပဏီဝန်ထမ်းများမှ ၁၈၀၀၀၀ ခန့် တက်ရောက်သင်ယူကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းတစ်ချို့ ပါ၀င်ပို့ချမည်ဖြစ်သည်။

ဧပြီလအတွင်းက ဖီလာဒဲလ်ဖီးယားပြည်နယ်ရှိ Starbucks ဆိုင်တစ်ဆိုင်တွင် အာဖရိကနွယ် အမေရိကန်နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း အချင်းများခဲ့ခြင်းမျိုးကဲ့သို့ ဖြစ်ရပ်များ မဖြစ်ပွားအောင် ယခုကဲ့သို့ ပို့ချခြင်း ဖြစ်သည်။

အဆိုပါ လူမည်းနှစ်ဦးက ဆိုင်တွင်း ၀င်ရောက်ထိုင်သော်လည်း ၀ယ်ယူစားသောက်ခြင်း မရှိသဖြင့် မန်နေဂျာဖြစ်သူက ရဲခေါ်မည်ဟု ပြောဆိုရာမှ အချင်းများကြခြင်း ဖြစ်သည်။ လူမည်းနှစ်ဦးမှာ အသိမိတ်ဆွေတစ်ဦးကို စောင့်နေခြင်းဖြစ်သည်ဟု ပြောသော်လည်း ရဲခေါ်၍ ဖမ်းဆီးခြင်း ခံရသည်။

၎င်းတို့၏ အသိမိတ်ဆွေ ရောက်လာသည့်အခါ ထိုလူမည်းနှစ်ဦးကို ရဲက လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မြင်တွေ့လိုက်ရသည်။ ထိုဖြစ်ရပ်ဖြစ်စဉ်ကြောင့် ဖီလာဒဲလ်ဖီးယားနှင့် နိုင်ငံအနှံ့ စိတ်ဆိုးဒေါသထွက်ကြကာ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly