ပါလက်စတိုင်းတို့့အတွက် ၀မ်းနည်းခြင်းအဖြစ် ဖိနပ်အလွတ် ထောင်ပေါင်းများစွာ ချခင်းကာ ဆန္ဒဖော်ထုတ်

ပါလက်စတိုင်းတို့့အတွက် ၀မ်းနည်းခြင်းအဖြစ် ဖိနပ်အလွတ် ထောင်ပေါင်းများစွာ ချခင်းကာ ဆန္ဒဖော်ထုတ်

ဘရပ်ဆဲလ်၊ မေ ၂၉ ။           ။ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများ မေ ၂၈ ရက်က အစည်းအဝေး တွေ့ဆုံစဉ် မြို့ရင်ပြင်တစ်ခု၌ ဖိနပ်အလွတ် အရံပေါင်း ၄၅၀၀ ကို စီတန်းချခင်းကာ အစ္စရေးတပ်ဖွဲ့များ၏ ပစ်သတ်ခြင်းခံရသော ပါလက်စတိုင်းတို့အတွက် ၀မ်းနည်းဖွယ် အထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြောင်း အီးပီအေဓာတ်ပုံသတင်းထောက်က ပေးပို့သည်။

ဥရောပကောင်စီ အဆောက်အအုံအပြင်ဖက် Place Jean Rey နေရာတွင် တက်ကြွလှုပ်ရှားပြီး အွန်လိုင်းလက်မှတ်ကောက်ခံရေး Avaaz အဖွဲ့က Palestinian Lives Matter ဆန္ဒပြမှုအဖြစ် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကာ ပါလက်စတိုင်းတို့ တူညီအခွင့်အရေး မရမချင်း အစ္စရေးကို သပိတ်မှောက်သွားရန် နှိုးဆော်သည်။

“ပါလက်စတိုင်းတွေ ပြုမူဆက်ဆံခံနေရတာတွေက ကမ္ဘာလုံးဆိုင်ရာ အသိတရားမှာ အစွန်းအထင်း ဖြစ်လာပြီ။ ခုချိန်က ပါလက်စတိုင်းတို့အတွက် ရပ်တည်ပြီး ပြည့်ဝပြီး တူညီတဲ့ လူ့အခွင့်အရေးတွေ မရမချင်း အစ္စရေးရဲ့ အဓိကစက်မှုလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ရမယ့် အချိန် ကျရောက်နေပြီ။”ဟု Avaaz အဖွဲ့က ဆိုသည်။

အွန်လိုင်း လက်မှတ်ကောက်ခံမှုတွင် မေ ၂၈ ရက် အစောပိုင်းက လူ ရှစ်သိန်းနီးပါး၏ ထောက်ခံမှု လက်မှတ်ကို ရရှိထားကြောင်း သိရသည်။

ယခု ဆန္ဒဖော်ထုတ်ပွဲသည် ဂါဇာက အခြေအနေကို ဖြေရှင်းနို်င်ရေး မျှော်လင့်ချက်ဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကျင်းပချိန်နှင့် တစ်ချိန်တည်း လုပ်ဆောင်ခြင်း ဖြစ်သည်။

ဂါဇာကမ်းမြောင်တွင် အစ္စရေးနယ်စည်းရိုးဆီ ချည်းကပ်လာသည့် ဆန္ဒပြသူများကို အစ္စရေးတပ်ဖွဲ့များ ပစ်ခတ်၍ ပါလက်စတိုင်း ၆၀ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀၀၀ ထက်မနည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly