လေးနှစ်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ် ရှာဖွေမှု မလေးရှား အဆုံးသတ်

လေးနှစ်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ် ရှာဖွေမှု မလေးရှား အဆုံးသတ်

ကွာလာလမ်ပူ၊ မေ ၂၉ ။                    ။ ၂၀၁၄ ခုနှစ်အတွင်း ပျံသန်းရင်း ပျောက်ဆုံးခဲ့သော ခရီးသည် ၂၃၉ ဦးလိုက်ပါသည့် မလေးရှားလေကြောင်းလိုင်းပိုင် MH 370 လေယာဉ်အား ဒုတိယအကြိမ် ရှာဖွေနေမှုအား မေ ၂၉ ရက်တွင် မလေးရှားအစိုးရက အဆုံးသတ်သည်။

စတုရန်းကီလိုမီတာ ရှစ်သောင်းကျော် ဧရိယာအတွင်း ရှာဖွေခဲ့မှုတွင် ယင်းလေယာဉ်၏ သဲလွန်စ တစ်စုံတစ်ရာ မတွေ့ခဲ့ရဘဲ ရှာဖွေမှု အဆုံးသတ်ပြီးစီးလိုက်ရခြင်းလည်း ဖြစ်သည်။

အဆိုပါ လေယာဉ်ပျက်ကျသည်ဟု ပညာရှင်များ ယူဆထားသည့် အိန္ဒိယသမုဒ္ဒရာ ဧရိယာအတွင်း ခြေရာကောက် ရှာဖွေခြင်းကို အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော Ocean Infinity နှင့် ယခုလအစောပိုင်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကာ ရာထူးမှ ဆင်းပေးခဲ့ရသော ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှာဖွေရေးလုပ်ငန်းအတွက် အလုပ်အပ်နှံ သဘောတူညီချက် ချုပ်ဆိုထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီမှုတွင် လေယာဉ်ကိုယ်ထည်နှင့် ဘလက်ဘောက်စ်နှစ်လုံးအား ကုမ္ပဏီက ရှာတွေ့ပါက မလေးရှားနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ရ၀ အခကြေးငွေ ပေးအပ်ရန် သဘောတူထားခြင်း ဖြစ်သည်။

သဘောတူညီမှု သတ်မှတ်ကာလ ကျော်လွန်ပြီဖြစ်၍ မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီးသစ် အန်တိုနီလိုကီက အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီ ဦးဆောင်နေသော ယင်းရှာဖွေမှုအား တာဝန်ရှိသူတစ်ဦးက အဆုံးသတ်လိုက်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ကြေညာထားခြင်း ဖြစ်သည်။

သို့သော် စုံစမ်းစစ်ဆေးမှုများကို ပြန်လည်သုံးသပ်ပြီး တတိယမြောက် ရှာဖွေမှုအတွက် ချိန်ဆထားကြောင်း အစိုးရက အတိအလင်း ဆိုထားသည်။

၂၀၁၄ မတ်လ ၈ ရက်နေ့က MH 370 လေယာဉ်သည် ပေကျင်းသို့ ဦးတည်၍ ကွာလာလမ်ပူလေဆိပ်မှ ပျံတက်သွားပြီး မိနစ် လေးဆယ်ခန့်အတွင်း ရေဒါမှ ပျောက်ကွယ်သွားခဲ့ခြင်း   ဖြစ်သည်။   လေယာဉ်ပေါ်တွင် ဆက်သွယ်ရေးစနစ်ကို တစ်ဦးဦးက ပိတ်ပြီး  လမ်းကြောင်း ချိုးကွေ့မှု ဖြစ်ခဲ့ပြီးမှ ရေဒါမှ ပျောက်ကွယ်သွားခြင်းလည်း ဖြစ်သည်။

လက်ရှိအထိ ရီယူနီယံဒေသ၊ မိုဇမ်ဘစ်၊ မောရစ်ရှ၊ တောင်အာဖရိကနှင့် ပမ်ဘာကျွန်း ကမ်းခြေများတွင် လေယာဉ်ကိုယ်ထည် အပျက်အစီး အပိုင်းအစပေါင်း ၂၇ ခုအထိ ရှာဖွေတွေ့ရှိထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly