အိုင်အက်စ်အား လေကြောင်းမှ တိုက်ခိုက်ရာတွင်နောက်ထပ် ဥရောပနိုင်ငံများ ပါ၀င်ကြရန် သြစတြေးလျ တိုက်တွန်း

အိုင်အက်စ်အား လေကြောင်းမှ တိုက်ခိုက်ရာတွင်နောက်ထပ် ဥရောပနိုင်ငံများ ပါ၀င်ကြရန် သြစတြေးလျ တိုက်တွန်း

ဆစ်ဒနီ၊ သြဂုတ် ၃၁ ။         ။ ဥရောပတွင် ဒုက္ခသည်အကျပ်အတည်း မြင့်မားလာမှုကို ကိုင်တွယ်သည့် နည်းလမ်းတစ်ရပ်အဖြစ် အိုင်အက်စ် စစ်သွေးကြွအုပ်စု ကိုလေကြောင်းတိုက်ခိုက်မှု တွင်နောက် ထပ်ဥရောပနိုင်ငံများအနေဖြင့် စတင်ပါဝင်ကြရန် သြစတြေးလျက သြဂုတ် ၃၁ တွင် တိုက်တွန်းလိုက်သည်။

ရွှေ့ပြောင်းအခြေချသူထောင်ပေါင်းများစွာကို မောင်းထုတ်နေမှာ ဂျီဟတ်ဝါဒီတို့တွင် တာဝန်ရှိ သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားခဲ့ပြီး ၎င်းတို့အား တိုက်ခိုက်နေသည့် ညွန့်ပေါင်းအဖွဲ့ကျယ်ပြန့်လာရေးမှာ လိုအပ်သည်လည်း ဘစ်ရှော့က ဆိုသည်။

"လောလောဆယ် ဥရောပမှာ ခိုလှုံခွင့် ရှာနေသူရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆီးရီးယားကဖြစ်ပါတယ်။ ဒီလောက်ပြည်သူတွေအများကြီးကို ထွက်ပြေးအောင်လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်ပစ်ဖို့ စည်းလုံးတဲ့တပ်ဦးတစ်ခု လိုအပ်ပါတယ်"ဟု ဘစ်ရှော့က ဆစ်ဒနီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

" အခုဆိုရင် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို တစ်နည်း မဟုတ်တစ်နည်း အကူအညီပေးနေတဲ့ နိုင်ငံပေါင်း ၆၀လောက်ရှိနေပါပြီ။ ဒါပေမဲ့ လက်ရှိညွန့်ပေါင်းအဖွဲ့ကို ပံ့ပိုးနိုင် တဲ့နိုင်ငံတွေရှိနေ ပါသေးတယ် "ဟု ၎င်းကပြောသည်။

"ဆီးရီးယား၊အီရတ်၊ လက်ဘနွန်၊ ဂျော်ဒန်နဲ့ အခြားကပ်လျက်ရှိတဲ့နိုင်ငံတွေထဲကို သန်းပေါင်းများစွာသော ပြည်သူတွေဟာ နယ်ခြားကို ဖြတ်သန်းပြီး ဥရောပတိုက်ထဲ ထွက်ပြေးကြပါတယ်။ ဒါ့ကြောင့် ဥရောပသားတွေအနေနဲ့ ဆီးရီးယားနဲ့ အီရတ်မှာ လုပ်နေတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ရမယ်လို့ ကျွန်မယုံကြည်ပါတယ် "ဟု ဘစ်ရှော့ကပြောသည်။ အနောက်နိုင်ငံများနှင့် အာရပ်အင်အားကြီးနိုင်ငံများ ညွန့်ပေါင်းတွင် ဥရောပနိုင်ငံလက်တစ်ဆုပ်စာသာ ပါဝင်သေးသည်။

ယူအေအီးနိုင်ငံ အခြေစိုက်စခန်းတွင် သြစတြေးလျ၏ RAAF F/A 18 ဂျက်တိုက်လေယာဉ် ခြောက်စင်းနှင့် ထောက်ပို့လေယာဉ်နှစ်စင်းရှိပြီး ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်လျက်ရှိသည်။

သြစတြေးလျသည် အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ပါဝင်လျက်ရှိသော်လည်း ဆီးရီးယားရှိပစ်မှတ်များကို တိုက်ခိုက်ရာတွင် မပါသေးပေ။ ဆီးရီးယားတွင်ပါ ပါဝင်ရန် အမေရိကန် ၏တောင်းဆိုမှုကို စဉ်းစားဆဲသာရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly