နိုင်ငံပိုင် နျူကလီးယားစမ်းသပ်စခန်းကို မြောက်ကိုရီးယားဖြိုဖျက်

နိုင်ငံပိုင် နျူကလီးယားစမ်းသပ်စခန်းကို မြောက်ကိုရီးယားဖြိုဖျက်

 

ဆိုးလ်၊ တောင်ကိုရီးယား၊ မေ ၂၅ ။        ။ မြောက်ကိုရီးယားအစိုးရသည် နိုင်ငံတကာမှ သတင်းစာဆရာများနှင့် မီဒီယာများကိုဖိတ်ခေါ်ပြီး ၄င်းတို့ရှေ့မှောက်တွင် နိုင်ငံပိုင်နျူကလီးယားစမ်းသပ်စခန်းကို အပြီးတိုင်ဖြိုဖျက်ပြီးခဲ့ပြီဖြစ်ကြောင်း ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

ဖိတ်ကြားခံခဲ့ရသော သတင်းထောက်များ၏အဆိုအရ မြောက်ကိုရီးယားအာဏာပိုင်များသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းမှ Punggye-ri နျူကလီးယားစမ်းသပ်စခန်း၏ အခြေခံအဆောက်အဦးများ၊ မြေအောက်စမ်းသပ်ခန်းသို့ဝင်နိုင်သော ဥမင်လှိုဏ်ခေါင်းပေါက်များနှင့် ဖွဲ့စည်းပုံအဆောက်အဦးများကို ဖောက်ခွဲရေးပစ္စည်းများအသုံးပြုကာ တစ်နေကုန်ဖြိုချဖျက်စီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့ဒီမှာ ပေါက်ကွဲမှုအကြီးကြီးဖြစ်ပွားခဲ့ပါတယ်။ ဖုန်တွေအလိပ်လိုက်ထွက်လာသလို မီးအပူရှိန်ကိုလည်း အပြင်ကခံစားနေရပါတယ်။ ပြီးတော့ ပေါက်ကွဲမှုက အရမ်းကိုကျယ်လောင်ပါတယ်” ဟု ဖိတ်ကြားခံခဲ့ရသူ တစ်ဦးဖြစ်သော Sky News သတင်းဌာနမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ တွမ်ချက်စ်ရှိုင်းယားက သူ၏အတွေ့ အကြံုနှင့်ပက်သက်၍ မျှဝေခဲ့သည်။

Punggye-ri နျူကလီးယားစမ်းသပ်စခန်းသည် တရုတ်နှင့်မြောက်ကိုရီးယားနယ်စပ်အနီးရှိ ဟမ်ယောင်ခရိုင် အတွင်း၌ရှိပြီး ယခုအခါတွင် တောင်ကြီးအောက်၌ စုံးစုံးမြုပ်သွားခဲ့ပြီဖြစ်သည်။

မြောက်ကိုရီးယားမှလုပ်ဆောင်ခဲ့သော နျူကလီးယားစမ်းသပ်မှု ၆ ခုခန့်ကို ယင်းစမ်းသပ်စခန်းကြီး၌ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောနှစ်စက်တင်ဘာလက ပေါက်ကွဲမှုပြင်းထန်သည့် ဟိုက်ဒရိုဂျင်ဗုံးကို နောက်ဆုံးစမ်းသပ်ခဲ့ သော စခန်းတစ်ခုဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အေဂျင်စီက ၄င်းတို့အနေဖြင့် စမ်းသပ်စခန်းကြီးကို အပြီးတိုင် ဖြိုချ ဖျက်စီးခဲ့ပြီးပြီဖြစ်ကြောင်းနှင့် နျူကလီးယားစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ပြီဆိုတာကို ပွင့်လင်းစွာ ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းလုပ်ရပ်ကို တောင်ကိုရီးယားအစိုးရက လက်ခံကြိုဆိုခဲ့သည်။

 

Mizzima Weekly