CIA ၏ ပထမဆုံးသော အမျိုးသမီးဒါရိုက်တာ ဂျီနာ ဟက်စ်ပဲလ် ကျမ်းသစ္စာ ကျိန်ဆို

CIA ၏ ပထမဆုံးသော အမျိုးသမီးဒါရိုက်တာ ဂျီနာ ဟက်စ်ပဲလ် ကျမ်းသစ္စာ ကျိန်ဆို

မေ ၂၂ ။           ။ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ပထမဆုံးသော အမျိုးသမီးညွှန်ကြားရေးမှူးအဖြစ် ဂျီနာ ဟက်စ်ပဲလ်အား တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ပြီး မေလ ၂၁ ရက်က ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် ဂျီနာ ဟက်စ်ပဲလ်သည် CIA ၏ နှစ် ရ၀ သက်တမ်းအတွင်း ပထမဆုံးသော အမျိုးသမီး CIA အကြီးအကဲ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ကျမ်းကျိန်ပွဲအခမ်းအနား၌ ဟက်စ်ပဲလ် မှာ ဒုသမ္မတ မိုက်ပန့်စ် ရှေ့မှောက်ထံတွင် ကျမ်းကျိန်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူမအား ဧည့်ပရိသတ်နှင့် မိတ်ဆက်ပြောကြားမှုများ ပြုလုပ်ပေးခဲ့သည်။

အသက် ၆၁ နှစ်ရှိ ဟက်စ်ပဲလ်သည် သူမ၏ နှစ် ၃၀ ကျော်ကြာ CIA အမှုထမ်းလုပ်သက်အတွင်း အေဂျင်စီ၏ အထူးလျှို့ဝှက်တာဝန်များကို တာဝန်ယူ ထမ်းဆောင်ခဲ့သူဖြစ်ကာ ရုရှားအရေး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။ သူမသည် လက်ရှိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ယခင် ဒါရိုက်တာဟောင်း မိုက် ပွန်ပဲယိုး၏ နေရာကို အစားထိုးတာဝန်ယူရခြင်းလည်း ဖြစ်သည်။

ဟက်စ်ပဲလ် အား ပြီးခဲ့သည့် သီတင်းပတ်က CIA အကြီးအကဲသစ်အဖြစ် ဆိနိတ်လွှတ်တော်က မဲခွဲအတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် မဲခွဲစဉ်အတွင်း ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအလွန်ကာလ အကြမ်းဖက်မှုနှင့်ပတ်သက်၍ သံသယရှိသူများကို ညှင်းပန်းနှိပ်စက်ရာတွင် ဟက်စ်ပဲလ်၏ ပါ၀င်ပတ်သက်ထားမှုအပေါ် လွှတ်တော်အမတ်တစ်ချို့က ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သေးသည်။

ယခု ကျမ်းကျိန်ရာတွင် ဟက်စ်ပဲလ်က သူမအနေဖြင့် CIA လက်ရှိအမှုထမ်းအားလုံးကို နောက်မျိုးဆက်သစ်အမှုထမ်းများ၏ စံပြဖြစ်လာစေရန် ကြိုးပမ်းပေးသွားမည်ဟု ပြောကြားသွားသည်။

တစ်ချိန်တည်းမှာလည်း ကမ္ဘာပေါ်တွင် အကောင်းဆုံးထောက်လှမ်းရေးအေဂျင်စီကို ဦးဆောင်နိုင်မည့် အရည်အချင်း ဟက်စ်ပဲလ်ထံတွင် ရှိနေပြီး သူမသည် အလွန်ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါကြောင်း သမ္မတဒေါ်နယ်ထရမ့်ကလည်း မိတ်ဆက်ပေးရာတွင် ထည့်သွင်းချီးကျူးပေးသွားသည်။

"ကျုပ်တို့ ရန်သူတော်တွေကို သိထားရမှာက ဂျီနာက အရမ်းကို စိတ်ဓာတ် မာကြောတဲ့သူဖြစ်တယ်ဆိုတာပါပဲ၊ ထက်လည်း ထက်မြက်ပါတယ်၊ ဒီနေရာမှာ အမေရိကန်ကို ကာကွယ်ဖို့အရေးကြံုလာချိန်မျိုးမှာ ဂျီနာဟာ ဘယ်တော့မှ တွန့်ဆုတ်နေမယ့် သူမျိုးမဟုတ်ပါဘူး"  ဆိုပြီး ထရမ့်က ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly