မေလ ၁၁ ရက်။ ရွှေဘို ။ ။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နတ်ပြည်စံသက် (၂၅၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို မေလ ၁၁ ရက် မနက်ပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ရတနာသိင်္ဃ နန်းတော်ရာမှာ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော် တော်ဝင်အနွယ်များက စုပေါင်း၍ ကျင်းပခဲ့သည်။
တတိယမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနှင့် ကျရာတာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံပေးဆပ်သွားကြသည့် မင်းညီ၊မင်းသား၊မိဖုရား၊ ဆွေတော် မျိုးတော်၊စစ်သည်ဗိုလ်ပါ၊အရာထမ်းအမှု၊ထမ်းပြည်သူတွေကို ရည်စူးကာ ကျေးဇူးဆပ်ကုသိုလ်ပြု ၍ အမျှပေးဝေ သည့်အနေဖြင့် ဒီပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံအနွယ်တော်ဝင်အဖွဲ့က ဆိုသည်။
''အလောင်းမင်းတရားကြီး နတ်ပြည်စံနှစ် (၂၅၇)နှစ်ပြည့်တုန်းက မန္တလေးမြို့ ရွှေကျင်ဓမ္မိကာရာမ ကျောင်းတိုက်မှာ ဆွမ်းကပ်ကုသိုလ်ပြုခဲ့ပြီး ယခုနှစ်မှာတော့ ရွှေဘိုမြို့မှာ အကောင်ထည်ဖော်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံတော်ဝင်အနွယ်တော်တွေရဲ့ စုစည်းမှုအားနဲ့ နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတွေကို လစဉ် ပြုလုပ်ဆောင်ရွက်နေကြတယ် " ဟု မက္ခရာမင်းသားကြီးရဲ့ တီတော် မက္ခရာသီဟ က ပြောသည်။
အထိမ်းအမှတ်ပွဲတွင် ရွှေဘိုခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုန်းဘောင် မင်း ဆက် ဆွေတော်၊မျိုးတော်တွေနှင့်မြန်မာနိုင်ငံ တော်ဝင်အနွယ်တော်များ ၊ရွှေဘိုဒေသခံပြည်သူများ တက်ရောက်ခဲ့၍ ပင့်ဖိတ်သံဃာ(၄၆)ပါး အားလှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းခြင်း၊ပရိတ်တရား နာယူခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူပူဇော်ခဲ့ကြသည်။