နောက်ထပ် Avengers ဇာတ်ကားများ ထွက်လာနိုင်ချေရှိကြောင်း ဒစ္စနေးမှ အရိပ်အမြွက်ပြောကြား

နောက်ထပ် Avengers ဇာတ်ကားများ ထွက်လာနိုင်ချေရှိကြောင်း ဒစ္စနေးမှ အရိပ်အမြွက်ပြောကြား

Avengers: Infinity War ရုပ်ရှင်၏ ကမ္ဘာတစ်ဝန်းအောင်မြင်မှုများနှင့် ရုံဝင်ငွေအမြောက်အများရရှိခဲ့မှုတို့ ကြောင့် နောက်ထပ် Avengers ဇာတ်ကားများကို ထုတ်လုပ်နိုင်ချေရှိသည်ဟု ဒစ္စနေးကုမ္ပဏီက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

ဝေါ့တ်ဒစ္စနေးကုမ္ပဏီ၏ ပူးတွဲအမှုဆောင်ချုပ်ဖြစ်သူ ဘော့ဘ်အီဂါက လေးကားမြောက် Avengers ရုပ်ရှင်ကို လာမည့် ၂၀၁၉ ခုနှစ် မေလတွင် ဖြန့်ချီသွားဖို့ရှိကြောင်း ပြောဆိုခဲ့ပြီး ယင်းဇာတ်ကားသည် နောက်ဆုံးပိတ် ဇာတ်ကားဖြစ်နိုင်သည်ဟု ပရိသတ်များက ခန့်မှန်းလျက်ရှိသည်။

သို့သော်လည်း အီဂါက “ဇာတ်ကောင်တွေရဲ့ လူကြိုက်များကျော်ကြားမှုတွေနဲ့ ဇာတ်ကားတစ်ခုလုံးရဲ့ အောင်မြင်မှုတွေကို ကြည့်လိုက်မယ်ဆိုရင် လူအများအနေနဲ့ နောက်ထပ် Avengers ဇာတ်ကားမရှိတော့ဘူး လို့ မယူဆသင့်ပါဘူး” ဟု ပြောဆိုခဲ့သည်။

သူက “နောက်ထပ်ပြသစရာ ဇာတ်လမ်းတွေအများကြီး သေချာပေါက်ရှိနေပါသေးတယ်။ ဒီဇာတ်လမ်းတွေနဲ့ အတူ အောင်မြင်လူကြိုက်များလာမယ့် ဇာတ်ကောင်တွေလည်း ရှိနေပါသေးတယ်” ဟု ပြောဆိုခဲ့သည်။

Avengers: Infinity War သည် မြောက်အမေရိကန်ရုံဝင်ငွေဇယား၌ အဖွင့်ရုံဝင်ငွေစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပြီး ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာသန်း ၂၅၀ခန့် ရရှိခဲ့သည်။ ဒါ့အပြင် စျေးကွက်ကြီးမားသော တရုတ်ပြည်၌ ပြသခြင်း မရှိသေးတာတောင်မှ ကမ္ဘာတစ်ဝန်းရုံဝင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်ရရှိပြီးပြီဖြစ်ပြီး ဆက်လက်တိုးပွားလာနိုင် ကြောင်း သိရသည်။

ခေါင်းစဉ်မပေးရသေးသော လေးကားမြောက် Avengers ရုပ်ရှင်ကို ဂျိုးနှင့် အန်တိုနီရက်ဆိုတို့က ရိုက်ကူးမည် ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့တွင် ထွက်ရှိရန်စီစဉ်ထားကြောင်း သိရသည်။

ဒါ့အပြင် ဒစ္စနေးမှ Marvel ဇာတ်ကား နောက်ထပ် ၂ ကားခန့် ရုံတင်ပြသသွားဖို့ရှိပြီး ၄င်းတို့မှာ ဇူလိုင်လတွင် ပြသမည့် Ant-Man and the Wasp နှင့် ၂၀၁၉ ခုနှစ် မတ်လတွင်ပြသမည့် Captain Marvel တို့ဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly