အမေရိကန်စစ်သုံးကုန်တင်လေယာဉ် ဂျော်ဂျီယာ၌ပျက်ကျ၍ လူ ၉ ဦးသေဆုံး

အမေရိကန်စစ်သုံးကုန်တင်လေယာဉ် ဂျော်ဂျီယာ၌ပျက်ကျ၍ လူ ၉ ဦးသေဆုံး

 

၀ါရှင်တန်၊ အမေရိကန်၊ မတ် ၃ ။        ။ လွန်ခဲ့သောနှစ်က ဟာရီကိန်းမုန်တိုင်းဒဏ်ခံ အမေရိကန်ပြည်သူများကို ကယ်ဆယ်ရာတွင်အသုံးပြုခဲ့သော အိုဟောင်းနေပြီဖြစ်သည့် C-130 ဟာကျူလက်စ် စစ်သုံးကုန်တင်လေယာဉ်သည် တာဝန်မှအနားယူခါနီး နောက်ဆုံးအကြိမ်ပျံသန်းနေစဉ်တွင် ဂျော်ဂျီယာပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်သို့ ပျက်ကျသွားခဲ့ကာ လိုက်ပါလာသော ပွေတိုရီကန်နယ်သား ၉ ဦးလုံး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ပျံသန်းမှုတာဝန်များကို နှစ်ပေါင်း ၆၀ ကျော်ထမ်းဆောင်ခဲ့သော ယင်းလေယာဉ်ကြီးသည် အရီဇိုးနားပြည်နယ်ရှိ လေယာဉ်အဟောင်းများကို အနားပေးရာနေရာသို့ ဦးတည်ပျံသန်းခဲ့စဉ်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ပွေတိုရီကို အမျိုးသားကာကွယ်ရေးတပ်မှ ဗိုလ်ကြီး အစ္စဘယ်လိုရီဗားရားက ပြောခဲ့သည်။

ဆာဗားနား အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံသန်းလာသော ယင်းကုန်တင်လေယာဉ်သည် ဂျော်ဂျီယာ၌ မည်သည့်အကြောင်းရင်းကြောင့် ပျက်ကျသွားခဲ့သည်ကို   လောလောဆယ်တွင် ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“သေဆုံးသူ ၉ ဦးရှိတယ်လို့ ကျနော်တို့အတည်ပြုနိုင်ပါတယ်။ လေယာဉ်ဝန်ထမ်းက ၅ ဦးနဲ့ ခရီးသည် ၄ ဦးတို့ လိုက်ပါသွားခဲ့တာပါ” ဟု ပွေတိုရီကို အမျိုးသားကာကွယ်ရေးတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပေါလ်ဒါလန်က ဆိုခဲ့သည်။ လိုက်ပါလာသူ ၉ ဦးစလုံးသည် ဟာရီကိန်းမုန်တိုင်းဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရာတွင် အကူညီပေးခဲ့ဖူးသူများဖြစ်ကြောင်း သိရသည်။

အဝေးပြေးလမ်းမကြီးပေါ်သို့ ပျက်ကျသွားခဲ့သော ယင်းလေယာဉ်ကြီးကြောင့် အပျက်အစီးပုံကြီး၏အရှည်မှာ ပေ ၆၀၀ ခန့်အထိရှိခဲ့ကြောင်း ကောင်တီငြိမ်ဝပ်ပိပြားရေးအရာရှိရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျီနာဘီလ်ဘိုက ဆိုခဲ့ သည်။

“လေယာဉ်ကြီးဟာ ကားတွေ၊ နေအိမ်တွေကို မတိုက်မိခဲ့တာ အရမ်းကိုကံကောင်းပါတယ်” ဟု သူမက ဆိုခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ဦးမှ မရှိကြောင်း အတည်ပြုပေးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယင်းဖြစ်ရပ်နှင့်ပက်သက်၍ ကျန်ရစ်သူမိသားစုနှင့်အတူ ၀မ်းနည်းရကြောင်းနှင့် သေဆုံးသူများအတွက်ဆုတောင်းပေးဖို့ သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly