ကင်မ်နှင့်သူ၏ တွေ့ဆုံပွဲ၏ အသေးစိတ်အချက်အလက်ကို ရက်ပိုင်းအတွင်း ကြေညာမည်ဟု ထရမ့်ပြောဆို

ကင်မ်နှင့်သူ၏ တွေ့ဆုံပွဲ၏ အသေးစိတ်အချက်အလက်ကို ရက်ပိုင်းအတွင်း ကြေညာမည်ဟု ထရမ့်ပြောဆို

 

၀ါရှင်တန်၊ အမေရိကန်၊ မေ ၂ ။                  ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျံုအမ်းနှင့် တွေ့ဆုံမည့်သူ၏ သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲကြောင့်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိနိုင်သည်ဆိုသော ပြောဆိုချက်များအပေါ် ကျေနပ်ပီတိဖြစ်လျက်ရှိပြီး ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့် အချိန်ကို အသေးစိတ်ကြေညာသွားမည်ဟု အင်္ဂါနေ့ တွင် ပြောဆိုခဲ့သည်။

“နိုဘယ်ငြိမ်းချမ်းရေးဆုလား။ ဒီဆုပေးသင့်တယ်လို့ အကြံပေးခဲ့တဲ့ သမ္မတမွန်းဂျေးအင်က အရမ်းဖြောင့်မတ်သူ တစ်ဦးဖြစ်ပါတယ်” ဟု ထရမ့်က တောင်ကိုရီးသမ္မတမွန်းကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

“အဓိကအချက်ကတော့ ကျုပ်ဟာ ငြိမ်းချမ်းရေးရယူချင်ပါတယ်။ ဒီကိစ္စကကြီးမားတဲ့ ပြသနာတစ်ရပ်ဖြစ်ပြီး အားလုံးကောင်းမွန်သွားမယ်လို့ ကျုပ်ထင်ပါတယ်” ဟု ထရမ့်က သူ၏ ဘဲဥပုံရုံးခန်း၌ သတင်းထောက်များကို ပြောဆိုခဲ့သည်။

ထရမ့်က သူ့အနေဖြင့် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်ပွဲကင်းမဲ့ဇုန်တွင် ထိပ်သီးစည်းဝေးပွဲ ကျင်းပ သွားဖို့ အဆိုပြုထားကြောင်းနှင့် အခြားနေရာ ၂ခု၊ ၃ ခုခန့်ကိုလည်း ထည့်သွင်းစဉ်းစားထားသည်ဟု ဆိုခဲ့သည်။

“ကျုပ်တို့ဟာ တွေ့ဆုံဆွေးနွေးပွဲအတွက် စီစဉ်နေပြီးတော့ မကြာမီရက်ပိုင်းအတွင်းမှာပဲ ရက်စွဲနဲ့ နေရာကို ကြေညာသွားမှာပါ” ဟု ထရမ့်က ပြောခဲ့သည်။

မြောက်ကိုရီးယားတို့၏ နျူကလီးယားနှင့် ဒုံးပျံစမ်းသပ်ချက်များကြောင့် လပေါင်းများစွာကြာအောင် တင်းမာမှု များ မြင့်တက်လာခဲ့ပြီးနောက်တွင် အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားသမ္မတတို့၏ ပထမဦးဆုံးအကြိမ် အဖြစ် သမိုင်းဝင်တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်လာခြင်းဖြစ်သည်။

တောင်ကိုရီးသမ္မတကြီးမွန်းအား သတင်းထောက်များက နိုဘယ်ငြိမ်းချမ်းရေးနှင့်ပက်သက်၍ ထင်မြင်ချက်ကို မေးမြန်းချိန်တွင် မွန်းက သမ္မတထရမ့်ရသင့်သည်ဟု တနင်္လာနေ့က အကြံပြုပြောဆိုခဲ့သည်။

“သမ္မတကြီးထရမ့်ကတော့ နိုဘယ်ဆုကိုယူနိုင်ပါတယ်။ ကျနော်တို့အားလုံးကတော့ ငြိမ်းချမ်းရေးကိုပဲ လိုချင်ပါ တယ်” ဟု သမ္မတမွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောဆိုချက်ကို ထရမ့်က သမ္မတမွန်းသည် အလွန်သဘောထားကြီးသူတစ်ဦးဖြစ်ကြောင်းနှင့် အဓိကအရေးကြီးသောအရာမှာ ငြိမ်းချမ်းရေးရရှိဖို့သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags