အမေရိကန်ရေနံချက်စက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းသောကြောင့် လူအများအပြားဒဏ်ရာရ

အမေရိကန်ရေနံချက်စက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းသောကြောင့် လူအများအပြားဒဏ်ရာရ

ချီကာဂို၊ အမေရိကန်၊ ဧပြီ ၂၇ ။                             ။ အမေရိကန်နိုင်ငံ ၀စ်ကွန်ဆင်ပြည်နယ် အနောက်အလယ်ပိုင်းရှိ ရေနံချက်စက်ရုံတစ်ရုံ၌ ကြာသာပတေးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့သောကြောင့် လူအများအပြားဒဏ်ရာရရှိကာ အရေးပေါ်နေရာ ပြောင်းရွှေ့ခဲ့ကြရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လူ ၂၇၀၀၀ နေထိုင်ရာ စူပီးရီးယားမြို့အတွင်းမှ မြို့ခံများအား အရေးပေါ်နေရာ ပြောင်းရွှေ့ကြဖို့ကိုလည်း အာဏာပိုင်များက ညွန်ကြားခဲ့ကြသည်။

ယင်းပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မနက် ၁၀းဝ၆ နာရီခန့်တွင် ဟတ်စကီးစွမ်းအင် ရေနံချက်စက်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုပြီးနောက်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး ရေနံချက်စက်ရုံအတွင်းရှိ ထိန်းချုပ်ရေးအခန်းများလည်း မီးလောင်ကျွမ်းခဲ့ရကာ ကောင်းကင်တစ်ခုလုံး အနက်ရောင်မီးခိုးလုံးကြီးများ ဖုံးလွှမ်းသွားခဲ့သည်။

“ဒဏ်ရာရသူတွေအများကြီးရှိခဲ့ပါတယ်။ အနည်းဆုံး ၁၁ ဦးလောက်ရှိပါတယ်။ သူတို့အားလုံးကို ဆေးရုံမှာ ကုသပေးနေပါတယ်” ဟု ဟတ်စကီးစွမ်းအင်ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် မီးခိုးလုံးများမြင့်တက်လာသည့်အတွက် အာဏာပိုင်များသည် ရေနံချက်စက်ရုံမှ ၃ မိုင် ပတ်လည်အတွင်းရှိ ပြည်သူများကို နေရာပြောင်းရွှေ့ဖို့ညွှန်ကြားခဲ့ပြီး ကျောင်းများကိုလည်း ပိတ်ခဲ့သည်။

“လောင်စာတွေကုန်ခမ်းသွားတဲ့အချိန်ထိ မီးကဆက်လက်လောင်ကျွမ်းနေဦးမယ်လို့ သူတို့ကျနော့်ကိုပြောပါ တယ်။ ပြီးတော့ မီးက ရက်အတန်ကြာအောင် ဆက်လောင်ကျွမ်းနေဦးမှာပါတဲ့” ဟု စူပီးရီးယားရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ နစ်ကိုးလပ်စ်အလက်ဇန္ဒားက ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ယင်းရေနံချက်စက်ရုံကို ဟတ်စကီးစွမ်းအင်ကုမ္ပဏီက ပြီးခဲ့သောနှစ်ကဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ကနေဒါနိုင်ငံနှင့် မြောက်ဒါကိုတာပြည်နယ်တို့မှ ရေနံစိမ်းများကို ချက်လုပ်ခြင်းဖြစ်သည်။

ယင်းစက်ရုံ၌ အလုပ်သမား ၁၈၀ ခန့်ရှိပြီး တစ်နေ့လျှင် ဂါလံပေါင်း ၂.၃သန်းခန့်ကို ချက်လုပ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly