ရန်ကုန်၊ ဧပြီ ၂၄ ။ ။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လှိုင်သာယာမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုမှ မီးခိုးများ ပျံ့နှံ့ခဲ့ပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မီးခိုး၊ ကာဘွန်မိုနောက်ဆိုဒ်နှင့်ပတ်သက်သည့် သတ်ိပေးချက်ကို ဧပြီလ ၂၄ရက် ည ၉နာရီ ၄၅မိနစ်အချိန်ခန့်၌ ထုတ်ပြန်ခဲ့သည်။
၄င်းမီးခိုးငွေ့များကြောင့် နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ကျန်းမာရေးထိခိုက်မှု ပိုမိုခံစားရနိုင်သည်ဟု သတိပေးထားသည်။
မီးခိုးငွေ့ကြောင့် ချောင်းဆိုးခြင်း၊ ယားယံခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ယိုခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် ပြင်းထန်လာပါက အသက်ရှုမြန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရောဂါအခံ(နှလုံးရောဂါ၊ အသက်ရူလမ်းကြောင်းရောဂါနှင့် ရင်ကြပ်ပန်းနာရောဂါ)ကိုပိုမိုဆိုးရွားစေခြင်း၊ ပန်းရင်ကြပ်ထလျှင်မြည်သော ရွှီရွှီအသံများထွက်ခြင်းတို့ ဖြစ်လာနိုင်သည်။
မီးခိုးတွင်ပါဝင်သည့် ကာဘွန်မိုနောက်ဆိုဒ် ကြောင့် ခေါင်းကိုက်ခြင်း၊ ဇာက်ကြောတက်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့အပြင် ရှုမိပါက အသက်အန္တရာယ်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ဧရိယာစတုရန်း ၃၀၀ ရှိ လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၄ ရက်အကြာတွင် ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သည့် စမ်းချောင်း၊ အလုံ၊ လမ်းမတော်၊ လသာ၊ပုဇွန်တောင် ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း ၊ သာကေတ ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့် တို့တွင် ညှော်နံ့များ စတင်ခံစားရနေခြင်းဖြစ်သည်။