ရခိုင်မှာ NVC ကတ် ကိုင်ဆောင်သူများ လွတ်လပ်စွာသွားလာခွင့်ရမည်ဟု အစိုးရဆို

ရခိုင်မှာ NVC ကတ် ကိုင်ဆောင်သူများ လွတ်လပ်စွာသွားလာခွင့်ရမည်ဟု အစိုးရဆို
 သက္ကေပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦး NVC ကဒ် လာရောက်ထုတ်ယူစဉ် (ဓာတ်ပုံ-ကျော်မင်း)

 

ရန်ကုန် ၊ ဧပြီလ ၁၉ ။           ။ ရခိုင်ပြည်နယ်အတွင်ရှိ နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား ( National Verfication Card - NVC) ကတ် ကိုင်ဆိုင်ထားသူများအား တားမြစ်ကန့်သတ်ထားသည့် အချက်များကို ပယ်ဖျယ်ပြီး လွတ်လပ်စွာသွားလာခွင့် ပြုထားပြီးဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

"လူဝင်မှုကြီးကြပ်ရေးက ပုံစံ ၄ ကို ဖြည့်လိုက်တာနဲ့ ဖြည့်ပြီးရင်သက်ဆိုင်ရာကို အကြောင်းကြားလိုက်တာနဲ့ သွားချင်တဲ့နေရာ သွားလို့ရပြီ။ဒါကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်နေပါတယ်။ မနေ့ကပဲ အဲ့ဒီနေရာကို ရောက်ခဲ့တော့ လူတော်တော်များများနဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီအခွင့်အရေးရပြီလားလို့ မေးတော့ လက်တွေ့ရနေတဲ့သူတွေက ရပြီဆိုတဲ့ စကားကိုလည်း ကြားခဲ့ပါတယ်" ဟု ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့့်မြတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းဗဟိုဌာန (NRPC) ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှ ၁၃ရက်နေ့အထိ သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"လူဝင်မှုကြီးကြပ်ရေးထုတ်ပြန်ထားတဲ့အတွက် NVC ကတ်ကိုင်ရင် အခွင့်အရေးကိုအပြည့်အဝရမှာဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင်လုပ်ဆောင်တဲ့အတွက် အာမခံအပြည့်ရှိပါတယ်" ဟု ဒေါက်တာဝင်းမြတ်အေးက နိုင်ငံသားစိစစ်မှုကတ်ပြား ( National Verfication Card - NVC) ကတ်ပြားကိုင်ဆိုင်မည့်သူများအတွက် အာမခံချက်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ရိုဟင်ဂျာဟုခေါ်ဆိုစေရေးလှုပ်ရှားသူများကမူ NVC ကတ်ကိုလက်မခံကြပေ။၄င်းတို့အနေဖြင့် နိုင်ငံသားအလိုအလျှောက်ဖြစ်နေသည်ဟုဆိုကာ  နိုင်ငံသားဖြစ်ရေးစိစစ်မှုခံယူရမည့် NVCကတ်ကို လက်သင့်ခံ၍မရကြောင်း မီဒီယာများကို ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြင်တွေ့ရခဲ့သည်များမှာ အခြေအနေဆိုးရွားပြီး တည်ဆောက်ထားသည့် စခန်းများသည် မုတ်သုန်ကာလအတွင်း၌ မိုးဒဏ် လေဒဏ် ခံနိုင်ရန် နည်းမည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

"ဟိုဘက်ကအခြေအနေဆိုတာ ကြည့်လိုက်တာနဲ့ သိသာတယ်။ မြေတွေကို ပြုပြင်ပြီးတော့ တောင်ကုန်းလေးတွေ နိမ့်လျောလေးတွေမှာ ရသလိုဆောက်နေရတယ်။ကြည့်လိုက်ရင် တဲတဲလေးတွေ၊ ဒါကြောင့်မို့လို့ မိုးဒဏ်လေဒဏ်ကို ခံနိုင်ဖို့ နည်းတယ်ဆိုတဲ့အခြေအနေတွေရှိပါတယ်" ဟု ၄င်းက ဆိုသည်။

 ၂၀၁၅ ခုနှစ်အတွင်း၌ သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် ၀ိှုက်ကတ်ခေါ် ယာယီသက်သေခံကတ်ပြားများ ပြန်လည်အပ်နှံထားသူများထဲမှ နိုင်ငံသားစိစစ်မှု ခံယူမည့်သူများအား NVC ကတ်ထုတ်ပေးခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly