NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မရမ်းသီးအခြောက်လုပ်ငန်းလုပ်ကိုင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်

.

ပေါင် ၊ ဧပြီ ၊ ၁၄ ။          ။ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ယခုနစ်မရမ်းသီးအခြောက်လုပ်ရာသီတွင် ရာသီဥတုအခြေအနေကြောင့် မရမ်းသီးအထွက်နှုန်းနည်းလာခြင်းနှင့် ထုတ်လုပ်မှုစရိတ်များလာသောကြောင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း မရမ်းပြားအခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မရမ်းသီးအခြောက်လုပ်ငန်းလုပ်ကိုင်သူများမှာ နယ်ကျော်ဝယ်ယူလုပ်ကိုင်ရသဖြင့် စရိတ်ကြီးမားခြင်း၊ လုပ်သားငှားရမ်းလုပ်ကိုင်မှု ဈေးများခြင်းတို့အပြင် ယခုနှစ်တွင် မရမ်းပွင့်ခါနီး မိုးရွာခြင်း၊ နှင်းခါးရိုက်ခြင်း များကြောင့် အပွင့်များပျက်စီးသဖြင့် အသီးအထွက်နည်းလာခြင်းဖြစ်ကြောင်း မရမ်းခြံသမားများထံမှ သိရသည်။

“ပေါင်မှာက ဒီနှစ် မရမ်းသီးအထွက်နှုန်း အရမ်းနည်းတယ်။ကရင်ပြည်နယ်ဘက်ကိုပဲမှာပြီး ၀ယ်ယူရတယ် ဆိုတော့ သယ်ယူပို့ဆောင်ဖို့စရိတ်တွေကလည်း များတယ်။ မရမ်းသီးလည်း အရင်နှစ်တွေထက် ဈေးပိုပေးပြီး ၀ယ်ရပြန်တယ်။လုပ်သားငှားရမ်းခလည်း ခါတိုင်းနှစ်တွေထက် ဈေးကများ၊ အမြတ်ကျန်ဖို့က မလွယ်လောက် ဘူး။ နောက်တစ်ခုက မရမ်းခြောက်လုပ်တဲ့သူလည်း များလာတယ်။မိုးတွင်းလောက်ရောက်ရင်
ဈေးနည်းနည်း ပြန်တက်တယ်။ ငွေနိုင်တဲ့သူတွေကျတော့ လှောင်ပြီး ပြန်ရောင်းအမြတ်ပိုကျန်တာပေါ့” ဟု ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာမှ မရမ်းပြားအခြောက်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်စန်းယုံက ပြောသည်။

မရမ်းပြားခြောက်လုပ်ငန်းအား မရမ်းသီးထွက်ရှိသော ဖေဖေါ်ဝါရီလကုန်ပိုင်းမှ ဧပြီလအတွင်း ထိ ၁ လခွဲ ကာလအတွင်းသာ လုပ်ကိုင်ကြပြီး၊ ယမန်နှစ်က မရမ်းသီးအစိမ်း ၁ပိသာလျှင် ကျပ် ၄၀၀ ခန့် ပေးဝယ်ရပြီး အလုပ်သမားငှားရမ်းခ ၁ ဦးလျှင် ကျပ် ၅၀၀၀ ခန့်ပေးရသော်လည်း ယခုနှစ်တွင် မရမ်းသီးအစိမ်း ၁ ပိသာ လျှင် ကျပ် ၆၀၀ ခန့် ရှိပြီး အလုပ်သမားတစ်ဦးလျှင် ကျပ် ၅၅၀၀ ကျပ်အထိ ဈေးပေးရကြောင်း သိရသည်။

မရမ်းသီးအစိမ်း ၄ ပိသာကို အခြောက်လှမ်းပြီးလျှင် ၁ ပိသာခန့်ပြန်ရရှိကာ မရမ်းပြားအခြောက် ရရှိရန် မရမ်းသီးအစိမ်းကို ခွဲကာ ဆားရေစိမ်ပေးရပြီး ဆားရေစိမ်ပြီးသောအခါ နွမ်းလာသောမရမ်းပြားအား အခြောက် လှမ်းခြင်း၊ပေါင်းခံခြင်းများ ဆောင်ရွက်ရကာ အစိမ်းခွဲဆောင်ရွက်သည့်ရက်မှ မရမ်းပြားအခြောက် ဖြစ်လာသည် အထိ ၁၀ ရက်ခန့်ကြာမြင့်ကြောင်း သိရသည်။

မရမ်းအခြောက်လုပ်ငန်းလုပ်ကိုင်သူများမှာ အကျိုးအမြတ်များများရရှိစေရန်အတွက် မရမ်းပြားအခြောက်ဈေး ကောင်းရရှိရန်သာမျှော်လင့်လျှက်ရှိပြီး ပေါင်မြို့နယ်မှ ထွက်ရှိသောမရမ်းပြားခြောက်များ အား ဒေသတွင်း စားသုံးမှုအပြင် မော်လမြိုင်၊ ကရင်ပြည်၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချ ကြောင်း သိရသည်။