ရန်ကုန် ၊ ဧပြီ ၃ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်စင်တာ(၂) တွင် လာမည့် ဧပြီလ ၇ ရက်နေ့၌ ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါ ညီလာခံအား တစ်နိုင်ငံလုံးရှိ NLD ပါတီဝင် လူငယ်များ၏ ကိုယ်စားလှယ် ၂၆၀ ကျော် တက်ရောက် မည်ဟု ညီလာခံဖြစ်မြောက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မဇ္ဈိမသို့ ပြောသည်။
"တက်ရောက်လာမယ့် ကိုယ်စားလှယ်တွေက တိုင်း နဲ့ ပြည်နယ် အသီးသီးကနေ လူငယ်အဖွဲ့ဝင်အင်အား ၇၅၀၀၀ ကျော်ကနေ ရွေးချယ်ပေးလိုက်တဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၂၆၀ ကျော်ထဲကနေ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ရွေးပါမယ်။ အဲ့ ဦးဆောင်အဖွဲ့ထဲကမှ ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ဆိုပြီး ၁၅ ဦးကို ပြန်ရွေးပါမယ်" ဟု ဦးမောင်မောင်ဦးက ဆိုသည်။
ယခုကျင်းပမည့် ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် မြို့နယ် ၊ ခရိုင် ၊ တိုင်းနှင့်ပြည်နယ်အဆင့်ဆင့်က ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်များလည်း ဖြစ်သည်။
ယခုကျင်းပမည့် လူငယ်ညီလာခံသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အသက် ၁၆ နှစ် မှ ၃၀ နှစ်ကြား လူငယ်များအား ရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ပထမအကြိမ် လူငယ်ညီလာခံကျင်းပခဲ့စဉ်က အသက် ၁၆ နှစ် မှ ၃၅ နှစ်ကြား ရွေးချယ်ခဲ့သည်ဟု ဦးမောင်မောင်ဦးက ပြောသည်။
ဗဟိုလူငယ်ဦးဆောင်အဖွဲ့ နှင့် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ရွေးချယ်ရာတွင် ပါတီမူဝါဒဖြစ်သည့် တိုင်းရင်းသား ၊ အမျိုးသမီး စသည့်တို့အား ပါဝင်အောင် ဦးစားပေးဖွဲ့စည်းသွားမည်လည်း ဖြစ်သည်ဟု သိရသည်။