မက္ကစီကိုအကျဉ်းထောင်၌ ထောင်ဆူပူမှုဖြစ်ပွား၍ လူ ရဦးသေဆုံးပြီး ၂၂ဦး ဒဏ်ရာရ

မက္ကစီကိုအကျဉ်းထောင်၌ ထောင်ဆူပူမှုဖြစ်ပွား၍ လူ ရဦးသေဆုံးပြီး ၂၂ဦး ဒဏ်ရာရ

 

ဗီရာခရုဇ်၊ မက္ကစီကို၊ ဧပြီ ၂ ။          ။ မက္ကစီကိုနိုင်ငံအရှေ့ပိုင်းရှိ ဗီရာခရုဇ်ပြည်နယ်မှ အကျဉ်းထောင်တစ်ခု၌ ထောင်ဆူပူဖြစ်ပွားခဲ့၍ ရဲအရာရှိ ၆ ဦး နှင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ရဲ ၁၅ ဦးအပါအဝင် လူပေါင်း ၂၂ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထောင်ဆူပူမှုသည် ဒေသစံတော်ချိန်စနေနေ့ည ၁၀ နာရီကတည်းက လာတိုမာပြည်နယ်အကျဉ်းထောင် ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၁၃၀၀ ခန့်က ထောင်အဆောင်အတွင်းရှိ   ထောင်ဝါဒါနှင့် ရဲမှူးကြီးကို မီးရှို့ ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

ဗီရာခရုဇ်ပြည်သူ့လုံခြုံရေးဌာန၏ကွပ်ကဲမှုအောက်ရှိ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့နှင့် အရာရှိများသည် ထောင်အတွင်းသို့ဝင်ရောက်ပြီး ဆူပူနေသောအကျဉ်းသားများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ထိုသို့ဝင်ရောက်စဉ်တွင် ရဲတပ်ဖွဲ့သည် မွေ့ယာများကိုမီးရှို့ထားပြီး လက်သမားကရိယာများကို ကိုင်ဆောင် ထားသည့် အကျဉ်းသားတစ်စု၏ ချောင်းမြောင်းတိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ပြည်နယ်အစိုးရက သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာခဲ့သည်။

အကျဉ်းသားများကိုဖြိုခွဲရန်ကြိုးပမ်းစဉ်အတွင်း ရဲအရာရှိ ၆ ဦးနှင့် အရပ်သား ၁ဦးတို့သည် မီးလောင်ကျွမ်းနေ သော မွေ့ယာများမှထွက်လာသည့် မီးခိုးငွေ့များမွှန်၍ သေဆုံးခဲ့ရပြီး အခြားအရာရှိ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ အကျဉ်းသားများထဲမှ ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာပြင်းထန်ကြောင်းလည်း သိရသည်။

အကျဉ်းသားများကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့မနက် ၆ နာရီတွင် လုံခြုံရေးတပ်ဖွဲ့များက အလုံးစုံထိန်းချုပ် နိုင်ခဲ့သည်။

“ဗီရာခရုဇ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ တာဝန်ထမ်းဆောင်ရင်းအသက်ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ တွေအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး မီဂွယ်အိန်ဂျယ်ယူနက်စ်က တရားဝင်ကြေညာချက်ထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ဗီရာခရုဇ်ပြည်နယ်အတွင်း၌ အင်အားကြီးမားသော မူးယစ်ဂိုဏ်းများနှင့် လူဆိုးဂိုဏ်းများထကြွနေသည့်အတွက် လွန်ခဲ့သောဆယ်စုနှစ်တစ်စု တစ်လျှောက်လုံး အကြမ်းဖက်ဖြစ်စဉ်များ အမြဲလိုလိုဖြစ်ပွားလေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags