အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်း ၁၆ ဦးအထိ သေဆုံး

အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်း ၁၆ ဦးအထိ သေဆုံး

ဂါဇာစီးတီး၊ မတ် ၃၁ ။           ။ ဂါဇာကမ်းမြောင်နေ ပြည်သူများက Land Day ကျင်းပချိန် ဂါဇာနယ်စပ်တစ်လျှောက် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများအတွင်း မတ် ၃၀ ရက်တွင် ပါလက်စတိုင်း ၁၆ ဦး အသတ်ခံရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရသူက အီးပီအေသတင်းသို့ ပြောသည်။

ပါလက်စတိုင်းဒုက္ခသည်များနှင့် သားမြေးမြစ်များ အမိမြေကို ပြန်လည်လာရောက်ခွင့် တောင်းဆိုမှုအမှတ်လက္ခဏာဖြင့် ကျင်းပသော အဆိုပါ Land Day ဆင်နွှဲမှုတွင် ဟားမတ်စ်တို့ ဦးဆောင်သော ဆန္ဒပြမှုများအတွင်း ဒဏ်ရာရသူပေါင်းက ၂၀၀၀ နီးပါး ရှိကြောင်း ပြောခွင့်ရသူ အယ်လ်ကီဒရာက ဆိုသည်။

ဂါဇာပြည်သူ နှစ်သန်းခွဲ၏ တစ်ဝက်ကျော်မကသည် ဒုက္ခသည်များဖြစ်နေကြောင်း ကုလသမဂ္ဂစာရင်းအရ သိရသည်။ျ

“ဂါဇာကမ်းမြောင် လုံခြုံရေးစည်းရိုးတစ်လျှောက် နေရာငါးနေရာတွင် ဆူပူဆန္ဒပြမှုများကို ပါလက်စတိုင်း ၁၇၀၀၀ က လုပ်ဆောင်နေကြောင်း” အစ္စရေးစစ်ပ်က ထုတ်ပြန်သည်။

“ဆူပူအကြမ်းဖက်သူတွေဟာ လုံခြုံရေးစည်းအတွင်းကို ကားတာယာတွေ မီးရှို့လှိမ့်သွင်းတာတွေ၊ မီးလောင်ဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ဆောင်နေကြတယ်။ အစ္စရေးတပ်သားတွေက အဓိက သွေးထိုးသူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တာပဲ ဖြစ်တယ်။”ဟု စစ်တပ်က ထုတ်ပြန်ထားသည်။

ဂါဇာနယ်စပ်တစ်လျှောက်တွင် လက်ဖြောင့်တပ်သား ၁၀၀ ကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း အစ္စရေးက ယခုသီတင်းပတ်အစောပိုင်း၌ ကြေညာထားသည်။

ယင်းနယ်မြေတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များပါ ပါဝင်သည့်  ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကို အစ္စရေးတပ်သားများက လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များ အသုံးပြုရာတွင် လူငယ်များက ကျောက်တုံးကျောက်ခဲများဖြင့် ပြန်လှန်ပစ်ပေါက်ကြသည်။

ဆန္ဒပြအင်အားသည် ၄၀၀၀၀ နီးပါး ရှိမည်ဖြစ်ကြောင်း မျက်မြင်များက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly