ထိုင်းနိုင်ငံတွင် ဘတ်စ်ကား မီးလောင်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀)ဦး သေဆုံး

ထိုင်းနိုင်ငံတွင် ဘတ်စ်ကား မီးလောင်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀)ဦး သေဆုံး
(ဓာတ်ပုံ - Ye Min/Facebook)

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနယ်စပ်မှ ဘန်ကောက်သို့ ပို့ဆောင်သော ဘတ်စ်ကားတစ်စီး မတ် ၃၀ ရက် အစောပိုင်း မီးလောင်မှုဖြစ်ပွားပြီး မြန်မာအလုပ်သမား ၂၀ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့တော်ဘန်ကောက်သို့ ကားလေးစီးဖြင့် ထွက်ခွာရာတွင် အဆိုပါ ဘတ်စ်ကားတစ်စီးမှာ မည်သို့ စတင်မီးလောင်မှုဖြစ်ရခြင်းကို လတ်တလော မသိရသေးပေ။

သို့သော် ရုပ်မြင်သံကြားသတင်းတွင် ကားအတွင်း ခရီးသည်များ ပိတ်မိလျက်ရှိသည့် ယင်းဘတ်စ်ကား မီးလောင်ပျက်စီးမှုကို ရိုက်ကူးထုတ်လွှင့်ပြသသည်။

“အခု သေဆုံးသူ အရေအတွက်ဟာ ၂၀ အထိ ရှိသွားပြီ။ သုံးဦးက ဒဏ်ရာရထားတယ်။”ဟု တပ်ခ်ပြည်နယ် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ရွှေ့ပြောင်းသူများရေးရာ စင်တာမှ ပိုလာဝတ်က အေအက်ဖ်ပီသို့ ပြောသည်။

ထိုဘတ်စ်ကားပေါ် လူ ၄၇ ဦးလိုက်ပါလာခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဝန်ထမ်း ကစ်တီဆတ်က ဆိုသည်။

မြန်မာနယ်စပ် မြောက်ပိုင်း တပ်ခ်ပြည်နယ်တွင် နံနက် ၁ နာရီ ၂၅ မိနစ်က ယင်းသို့ ဘတ်စ်ကားမီးလောင်မှု စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထိုင်းရွှေ့ပြောင်းသူများအလုပ်သမားအင်အားစု သတင်းရင်းမြစ်အရ သိရသည်။

ထိုင်းနိုင်ငံတွင် အဆင့်နိမ့်သော ထားရှိမှု၊ လုပ်ခလစာပေးနှုန်း နည်းပါးမှုများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေသည် ရံဖန်ရံခါ လုံခြုံမှုကင်းမဲ့ကာ ခေါင်းပုံဖြတ်ခံရခြင်းများ ရှိနေသည်။

နိမ့်ပါးသည့် လမ်းပိုင်းလုံခြုံမှုအခြေအနေကြောင့်လည်း ထိုင်းနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၂၄၀၀၀ နီးပါး သေဆုံးရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။

ထိုင်းဘက်ရှိ မြန်မာလူမှုရေးအဖွဲ့များအဆိုအရ သေဆုံးသူများသည် MoU လုပ်သားများ ဖြစ်သည်ဟု သိရပြီး ကားပေါ်တွင် လူ ၂၀ ခန့် သေဆုံးခဲ့ကြောင်း ထိုင်းရှိ AAC မဟာမိတ်မိတ်အဖွဲ့မှ သိရသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မဲဆောက်မှ ဘန်ကောက်အသွားလမ်းတွင် မြန်မာအလုပ်သမားများပါသော ဗင်ကားနှင့် ၁၀ ဘီးထရက်ကားဝင်တိုက်ခဲ့ပြီး ကားမီးလောင်ကျွမ်းမှုကြောင့် မြန်မာ ၁၃ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly