မလေးရှားတွင် မဲဆန္ဒနယ် ပြင်ဆင်ရေးဆွဲခြင်းအား ပါလီမန်သို့ ချီတက်ကာ လူရာပေါင်းများစွာ ဆန္ဒပြ

မလေးရှားတွင် မဲဆန္ဒနယ် ပြင်ဆင်ရေးဆွဲခြင်းအား ပါလီမန်သို့ ချီတက်ကာ လူရာပေါင်းများစွာ ဆန္ဒပြ

ကွာလာလမ်ပူ၊ မတ် ၂၈ ။            ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မတ် ၂၈ ရက်က ရာပေါင်းများစွာသော ပြည်သူများသည် ပါလီမန်သို့ ချီတက်ကာ ဆန္ဒပြကြသည်။

မမျှတသော မဲဆန္ဒနယ် ပြင်ဆင်ရေးဆွဲခြင်းကို အစိုးရက ၎င်းတို့ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသည်ဆိုကာ ယခုကဲ့သို့ ဆန္ဒပြလာကြခြင်းဖြစ်သည်။

NGO Bersih 2.0 က ကြီးမှူးသည် ယခုဆန္ဒပြချီတက်ရာသို့ လူပေါင်း ၂၂၅ ဦးနီးပါး ပါဝင်ကြပြီး သဘောတူမူကြမ်းတစ်ရပ်ကို ပါလီမန်သို့ တင်သွင်းရန် ချီတက်ကြခြင်းဖြစ်ကြောင်း အီးပီအေက သတင်းဖော်ပြသည်။

အဆိုပါ ဆန္ဒပြလူအုပ်သို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမတ်အပြင် အတိုက်အခံပါတီ People’s Justice Party ခေါင်းဆောင် ဝန်အဇီဇက်နှင့် ထောင်ကျနေသည့် နိုင်ငံရေးသမား အန်ဝါအီဘရာဟမ်၏ ဇနီးတို့လည်း ပူးပေါင်းပါဝင်ကြသည်။

ဆန္ဒပြသူများက “ကျွန်တော်တို့ နှုတ်ဆိတ်နေတော့မှာ မဟုတ်။”နှင့် မလေးရှားရွေးကောက်ပွဲကော်မတီကို ရည်ညွန်းကာ “SPR ၏ ပြင်ဆင်မှုကို လက်မခံ” စသော စာတမ်းများကို ကိုင်ဆောင်ကြွေးကြော်ကြသည်။

ဆန္ဒပြသူအားလုံးက ပါလီမန်အတွင်း ဝင်ရောက်ရန် ကြိုးစားကြသော်လည်း ရဲက ပိတ်ဆို့ထားပြီး ဆယ်ဦးကိုသာ လွှတ်တော်အမတ်များသို့ သဘောတူမူကြမ်း ပေးပို့နိုင်ရန် ဝင်ခွင့်ပေးလိုက်သည်။

အဆိုပါ သဘောတူမူကြမ်းတွင် မဲဆန္ဒနယ်ပြင်ဆင်ခြင်းကို ဖွဲ့စည်းပုံနှင့် မညီဟု ရှုတ်ချထားသော်လည်း အောက်လွှတ်တော်က မတ် ၂၈ ရက်တွင် အဆိုပါ မဲဆန္ဒနယ်ပြင်ဆင်ခြင်းဥပဒေကြမ်းအား ထောက်ခံမဲ ၁၂၉ မဲနှင့် ကန့်ကွက်မဲ ၈၀ ဖြင့် အတည်ပြုလိုက်သည်။

“ဒီလို ပြင်ဆင်တယ်ဆိုတာ လက်ရှိအစိုးရအတွက် အကျိုးရှိအောင်လို့ ပြင်ဆင်တာပဲဖြစ်တယ်။”ဟု Bersih 2.0 မှ ယာယီဥက္ကဌဖြစ်သူ ရှာရူးအမန်က ပြောခဲ့သည်။

ထိုသို့ မဲဆန္ဒနယ် ပြင်ဆင်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိနေရာ မလေးရှားအတွက် ဂယက်ထစေမည်ဖြစ်ပြီး ရှာရူးအမန်က “လူမျိုးစုနယ်များတစ်လျှောက် လူ့အသိုင်းအဝန်းအဖွ့ဲအစည်းကို နှစ်ခြမ်းကွဲစေလိမ့်မယ်။”ဟု ပြောခဲ့သည်။

မလေးရှားနိုင်ငံ၏ လူများစုသည် တိုင်းရင်းမလေးများဖြစ်ပြီး အိန္ဒိယနှင့် တရုတ်မလေးရှားများလည်း အများစု ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly