စပိန်က အီးယူဖမ်းဝရမ်း ထုတ်ပြီးနောက် ဖြုတ်ချခံ ကက်တလန် သမ္မတအား ဂျာမနီတွင် ဖမ်းဆီးရမိ

စပိန်က အီးယူဖမ်းဝရမ်း ထုတ်ပြီးနောက် ဖြုတ်ချခံ ကက်တလန် သမ္မတအား ဂျာမနီတွင် ဖမ်းဆီးရမိ

ဘာလင်၊ မတ် ၂၆ ။             ။ အာဏာဖီဆန်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်အောင် လုပ်မှုတို့ဖြင့် စပိန်တွင် စွဲဆိုခံထားရသော ကက်တလန်ဒေသ၏ သမ္မတဟောင်းသည် စပိန်က အီးယူဖမ်းဝရမ်း ထုတ်လိုက်ပြီးနောက်တွင် ဂျာမနီနယ်စပ်အား ဖြတ်သန်းရန် ကြိုးစားစဉ် မတ် ၂၆ ရက်၌ ဖမ်းဆီးရမိကြောင်း ဂျာမနီရဲတပ်ဖွဲ့က အတည်ပြုသည်။

ကက်တလန် သမ္မတဟောင်း ချားလ်ပတ်ဒီမွန့်သည် ဂျာမနီက ရဲစခန်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ အောက်တိုဘာလအတွင်းက ၎င်းထွက်ပြေးခဲ့သည့် ဘယ်ဂျီယမ်သို့ ကားဖြင့် အပြန်လမ်းတွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက အတည်ပြုသည်။

စပိန်တရားရေးဌာနက ပတ်ဒီမွန့်အား တိုင်းပြည်ခွဲထွက်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာတွင် ပါဝင်မှုနှင့် လွတ်လပ်ရေးကြေညာခြင်းတို့အတွက် စစ်ကြောမည်ဟု ကြေညာပြီးနောက် ၎င်းက ဘယ်ဂျီယမ်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ဂျာမနီနှင့် ဒိန်းမတ် ဆက်သွယ်ရာ လမ်းပိုင်းတစ်နေရာတွင် ဒေသစံတော်ချိန် ၁၁ နာရီ ၁၉ မိနစ်က ၎င်းအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ ပြောခွင့်ရသူ အူးကယ်လားက အီးပီအေသို့ ပြောသည်။ ဒေသတွင်း မီဒီယာများတွင် ၎င်းအား နုမန်းစတားမြို့က အကျဉ်းထောင်သို့ ရွှေ့ပြောင်းထားကြောင်း ဖော်ပြသည်။

စပိန်တွင် မျှတသည့် တရားစီရင်ရေး ရလိမ့်မည်မဟုတ်ဟု ပတ်ဒီမွန့်က ကန့်ကွက်နေခြင်းကြောင့် ၎င်းအား စပိန်သို့ လက်လွှဲပေးအပ်ရေးအတွက် ဆုံးဖြတ်ရန် ရက် ၉၀ ထိန်းသိမ်းထားမည်ဖြစ်ကြောင် ဂျာမနီတရားရေးရင်းမြစ်က အီးပီအေသို့ အတည်ပြုသည်။

ပတ်ဒီမွန့်အား ဖမ်းဆီးရပြီးနောက် စပိန်က ကက်တလန်ဒေသအနှံ့တွင် ဆန္ဒပြမှုများ အနှံ့အပြား ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly