ဗီယက်နမ်မှာ အထပ်မြင့်ကွန်ဒို မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူ ၁၃ ဦးသေဆုံး

ဗီယက်နမ်မှာ အထပ်မြင့်ကွန်ဒို မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူ ၁၃ ဦးသေဆုံး

မတ် ၂၃ ။               ။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးက အထပ်မြင့် ကွန်ဒိုမီနီယံတစ်ခုမှာ မတ်လ  ၂၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၃ ဦးသေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသူ ၂၇ ဦးထိ ရှိကြောင်း သိရပါတယ်။

သေဆုံးသူအများစုဟာ မီးလောင်စဉ် မီးခိုးငွေ့မွှန် အသက်ရှုကျပ်ပြီးသော်လည်းကောင်း ဒါမှမဟုတ် အထပ်မြင့်အခန်းတွေကနေ အောက်သို့ ခုန်ချခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာမှာ  ဖော်ပြထားပါတယ်။

ယခုအချိန်ထိတော့ ယင်းဖြစ်စဉ်တွင် ပျောက်ဆုံးနေသူ ရှိနေသေးသလား ဆိုသည်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မီးသတ်ဌာနနဲ့ ရဲတပ်ဖွဲ့တို့က ပြောပါတယ်။

ဟိုချီမင်းစီးတီးမြို့ ဗိုဗန် ကီယက် လမ်းပေါ်ရှိ Carina ပလာဇာ အထပ်မြင့်အဆောက်အအုံမှာ လောင်ကျွမ်းခဲ့တဲ့ ယင်းမီးလောင်မှုဟာ မြေအောက်ခန်း ကားပါကင်နေရာကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ယင်းကနေတဆင့် အပေါ်ဘက်အခန်းများဆီ ဆက်လက်ကူးစက်ပြန့်နှံ့လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ပြောပါတယ်။

ယင်းမီးလောင်မှုဖြစ်စဉ်မှာ မီးသတ်သမား အယောက် ၂၀၀ ကျော် လာရောက်ပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကာ တစ်နာရီကျော်ပြီးမှ မီးထိန်းလိုက်နိုင်ကြောင်း သိရပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly