တရုတ်တို့အပေါ် သွင်းကုန်အခွန် ဒေါ်လာဘီလျံ ၆၀အထိ ကောက်ခံမည့်မူကြမ်း၌ ထရမ့်လက်မှတ်ထိုး

တရုတ်တို့အပေါ် သွင်းကုန်အခွန် ဒေါ်လာဘီလျံ ၆၀အထိ ကောက်ခံမည့်မူကြမ်း၌ ထရမ့်လက်မှတ်ထိုး

 

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၃ ။               ။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်တို့၏သွင်းကုန်အပေါ် ဒေါ်လာ ၆၀ ဘီလျံအထိ ကောက်ခံနိုင် မည့် သွင်းကုန်အခွန်ဥပဒေ၌ ကြာသာပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်တို့အပေါ် ကုန်သွယ်ရေး အရ ထိုးနှက်လိုက်သော်လည်း ၎င်းတို့နှစ်နိုင်ငံသည် မိတ်ဆွေများဖြစ်နေဆဲဟု အခိုင်အမာပြောဆိုခဲ့သည်။

“ကျနော်က သမ္မတကြီး ရှီကျင်းပင်အပေါ် အရမ်းလေးစားပါတယ်။ ကျနော်တို့နှစ်နိုင်ငံကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ သူတို့ကို မိတ်ဆွေတွေလိုပဲ သဘောထားပါတယ်” ဟု ထရမ့်က ဆိုခဲ့သည်။

“ဒါဟာ ကုန်သွယ်ရေးလုပ်ဆောင်ချက်တွေအများကြီးထဲကမှ ပထမဦးဆုံးခြေလှမ်းပဲ ရှိပါသေးတယ်” ဟုလည်း ထရမ့်က ယင်းမူကြမ်း၌ လက်မှတ်ရေးထိုးခဲ့စဉ်တွင် ပြောကြားခဲ့သည်။

အမေရိကန်တို့က တရုတ်တို့သည် ၎င်းတို့၏ အသိဉာဏ်ပညာဥစ္စာများကို နှစ်ပေါင်းများစွာကြာအောင် ခိုးယူ သုံးစွဲနေခဲ့သည်ဟု စွပ်စွဲလျက်ရှိပြီး နိုင်ငံအတွင်း တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုကိုကန့်သတ်ရန် ယခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒါ့အပြင် အိမ်ဖြူတော်က ယခုလုပ်ဆောင်ချက်သည် တရုတ်တို့၏ နိုင်ငံတော်မှဦးဆောင်ထိန်းချုပ်နေသော စီးပွားရေးကို ယခင်က မျှတမှုကင်းမဲ့စွာ ယှဉ်ပြိုင်နေရသည့်အပေါ် လိုအပ်သလိုတန်ပြန်လုပ်ဆောင်ခြင်းဖြစ် သည်ဟု ဆိုခဲ့သည်။

တရုတ်တို့ကလည်း အမေရိကန်တို့၏လုပ်ဆောင်ချက်အပေါ် လိုအပ်သလိုတန်ပြန်၍ လက်စားချေရန်အသင့် ဖြစ်နေပြီဟု ဆိုခဲ့သည်။ ဒါ့အပြင် ၎င်းတို့သည် အမေရိကန်တို့နှင့်ဆင်နွှဲရမည့် မည်သည့်ကုန်သွယ်ရေးစစ်ပွဲကို မဆို အဆုံးထိတိုက်ခိုက်သွားဖို့ ပြင်ဆင်ထားမည်ဟု တရုတ်အစိုးရက ပြောခဲ့သည်။

ယင်းသို့ ကြေညာချက်ပြီးနောက်တွင် ရင်းနှီးမြှုပ်နှံသူများ၏တုံ့ပြန်မှုကြောင့် အမေရိကန်ရှိ စတော့ရှယ်ယာ ဈေးကွက်များသည် ကြာသာပတေးနေ့က ကျဆင်းသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags