မနီလာဟော်တယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၃ ဦးသေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရရှိ

မနီလာဟော်တယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၃ ဦးသေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရရှိ

မနီလာ၊ ဖိလစ်ပိုင်၊ မတ် ၁၉ ။                  ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာစီနိုဟော်တယ်တစ်လုံး၌ တနင်္ဂနွေနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ လူ ၃ ဦး ခန့် သေဆုံးခဲ့ပြီး ၂၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မီးသည် ဟော်တယ်နှင့်ကာစီနိုရုံတို့တွဲဖွင့်ထားသည့် Waterfront Manila Pavilion ၌ တနင်္ဂနွေနေ့မနက်ပိုင်း ကတည်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၉ နာရီကျော်ကြာအောင် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ကနဦးက သေဆုံးသူ ၄ ဦးအထိရှိသည်ဟု အာဏာပိုင်များကပြောခဲ့သော်လည်း ဆေးရုံသို့ပို့ဆောင်ခဲ့ရသော ဒဏ်ရာရရှိသူတစ်ဦး အခြေအနေပြန်ကောင်းလာသည့်အတွက် သေဆုံးသူ ၃ ဦးသာဖြစ်ကြောင်း မနီလာမြို့ တော်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့မှ အကြီးအကဲဖြစ်သူ ဂျိုဂျိုဂါစီယာက ပြန်လည်ရှင်းလင်းခဲ့သည်။

သေဆုံးသူ ၃ ဦးမှာ အသက်ရှုမွန်းကြပ်ခြင်းကြောင့်ဖြစ်ကြောင်း နောက်ထပ်အာဏာပိုင်တစ်ဦးဖြစ်သူ ဂျွန်နီယူက ပြောခဲ့သည်။

“မီးခိုးလုံးတွေဟာ အရမ်းကိုကြီးမားနေပြီးတော့ လေကလည်း အားပြင်းပြင်းနဲ့ တိုက်ခတ်နေခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မီးသတ်သမားတွေဟာ မီးငြိမ်းသတ်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်” ဟု ယူက သတင်းထောက်များကို ပြောခဲ့သည်။

မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေပြီး ယင်းမီးသည် ဟော်တယ်၏ ၂၁ ထပ်မြောက်ရှိ ကာစီနိုရုံများရှိသောအထပ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရ ကြောင်း ယူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် ဟော်တယ်အပေါ်ဆုံးထပ်၌ ပိတ်မိနေခဲ့သူများကို ရဟတ်များနှင့်ကယ်ဆယ်ခဲ့ ကြပြီး ဟော်တယ်ဝန်ထမ်းများမှာမူ အောက်ထပ်သို့ ဆင်းပြေးခဲ့ကြသည်။

“မီးကတော့ အရမ်းကိုကြီးပါတယ်။ မီးခိုးငွေ့တွေကို ရှုရှိုက်မိခဲ့တဲ့သူတွေရှိပြီး သူတို့ကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ပါတယ်” ဟု မီးသတ်တပ်ဖွဲ့မှ အကြီးတန်းအရာရှိဖြစ်သူ မာလွန်ဘန်နက်ဂ်က ဆိုခဲ့သည်။

တနင်္ဂနွေနေ့နေ့လယ်ပိုင်းတွင် သမ္မတရိုဒရီဂိုဒူတာတေးသည် မီးလောင်ကျွမ်းခဲ့သောနယ်မြေတစ်ဝိုက်ကို ရဟတ်ယာဉ်ပေါ်မှတဆင့် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

လူအသေအပျောက်များသော မီးလောင်ကျွမ်းမှုများသည် ဖိလစ်ပိုင်၌ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး လုံခြုံရေးစနစ်မရှိသော ဆင်ခြေဖုံးရပ်ကွက်များတွင် အထိအခိုက်အများဆုံးရှိလေ့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly