မန္တလေး၌ ၂၀၁၈ တွင် အများဆုံးဖမ်းမိသောမူးယစ်ဆေးဝါးများအား တိုင်းဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီး လာရောက်စစ်ဆေး

မန္တလေး၌ ၂၀၁၈ တွင် အများဆုံးဖမ်းမိသောမူးယစ်ဆေးဝါးများအား တိုင်းဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီး လာရောက်စစ်ဆေး

 

မတ်လ ၉ ။      ။ ငွေကျပ်သိန်းပေါင်း ၁၄ သိန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများအား မတ်လ ၉ ရက်၊ မန္တလေးတွင် ကားတစ်စီးပေါ်မှ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းတို့ လာရောက်စစ်ဆေးခဲ့ကြသည်။ 

ယင်းပမာဏသည် ၂၀၁၈ ခုနှစ်အတွင်း အများဆုံးဖမ်းမိခြင်း ဖြစ်ပြီး စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်းပေါင်း (၁၄၄၅၈၄) သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိသော အမှတ်(၁၁)နယ်မြေရဲစခန်းသို့  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းတို့ မတ်လ ၉ ရက်နေ့တွင် လာရောက်ကြည့်ရှုခဲ့ကြပြီး တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြသည်။

ဖြစ်စဉ်မှာ မတ်(၉)ရက် နံနက်(၁၀)နာရီခွဲအချိန်ခန့်ကမန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၂)ရပ်ကွက် ၇၃လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြား မြို့နယ်အားကစားဘောလုံးကွင်းတိုက်ခန်း အခန်းအမှတ်(၃၈)ရှေ့ လွန်ခဲ့သော လေးရက်ခန့်က ရပ်နားထားသော 3L/1808 Toyota Crown  အဖြူရောင်ယာဉ်ပေါ်မှ စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်းပေါင်း(၁၄၄၅၈၄)သိန်းတန်ဖိုးရှိမူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့သည်။ 

ရပ်နားထားသော3L/1808 CROWN Royal Saloon အဖြူရောင်ယာဉ်အား သော့ပြင်ဆရာခေါ်ယူ၍ ကားတံခါးများဖွင့်၍စစ်ဆေးရာ ကားရှေ့ခန်းအတွင်းမှ ပန်းရောင်မူးယစ်ဆေးပြားအထုပ်နှင့် ဆာလာအိတ်များဖြင့်ထည့်ထားသည့်မူးယစ်ဆေးဝါးများအားတွေ့ရှိခဲ့သည်။ 

အဆိုပါယာဉ်ပေါ်တွင် 88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းပြားပါ စာလာအိတ်(၅)အိတ်နှင့် ဆေးပြားခြောက်ထောင်ပါ အထုတ်တစ်ထုတ်။ WYစာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းပြားပါ စာလာအိတ်(၉)အိတ်။ Rစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၅၈၀၀)ပြား စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား(၂၈၂၁၈၀၀) ကာလတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၄၁၀၉၀။ ဆပ်ပြာခွက်တစ်ခွက်လျှင်ဘိန်းဖြူမှုန်းအလေးချိန်(၁၀)စီပါ ရောင်စုံဆပ်ပြာခွက်

၂၂၀)ခွက် အလေးချိန်(၂.၂)ကီလိုဂရမ် စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း(၁၅၄၀)။ ဘိန်းဖြူဘလောက်တုံးတစ်တုံးလျှင် (၃၅၀)ဂရမ်စီပါ နှစ်တုံး အလေးချိန်(ဝ.၇)ကီလိုဂရမ် စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း(၄၉၀)။ အဖြူရောင်ပလတ်စတစ်တစ်အိတ်လျှင်ဘိန်းဖြူမှုန့် အလေးချိန်(၃၀၀) ဂရမ်ပါ(၆)အိတ်အလေးချိန်(၁.၈)ကီလိုဂရမ် စုစုပေါင်းကာလတန်ဖိုးငွေကျပ်ပေါင်း(၁၂၆၀) ၊ ICE အလေးချိန်(၁)ကီလိုပါတစ်ထုပ် ၊ ကာလတန်ဖိုးငွေကျပ်သိန်း(၂၀၀)၊ Pseudoephedrine ဆေးပြားအကြေအမှုန့်အလေးချိန်(၁၀၀)ဂရမ်ပါတစ်ထုတ် စုစုပေါင်းကာလတန်ဖိုးငွေကျပ်လေးသိန်း၊ Sodium Hydroxide(ဝ.၁၅)ကီလိုပါတစ်ထုတ်နှင့်3L/1808 Toyota Crownအဖြူရောင်ယာဉ်၏ ယာဉ်မှတ်ပုံတင်သက်သေခံကတ်ပြားတစ်ခုတို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ်(၁၁)နယ်မြေရဲစခန်းမှမူးယစ်(ပ)၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ-၁၉(က)ဖြင့်အမှုဖွင့်ထားရှိပြီး နယ်မြေရဲစခန်းနှင့်အတူ မူးယစ်အဖွဲ့တို့ပူးပေါင်း၍ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly