သမ္မတထံ အယူခံတက်နိုင်သည့် ရုပ်သံဥပဒေ လွှတ်တော်အတည်ပြု ပြီ

သမ္မတထံ အယူခံတက်နိုင်သည့် ရုပ်သံဥပဒေ လွှတ်တော်အတည်ပြု ပြီ

နေပြည်တော်၊ ဩဂုတ် ၂၆ ။        ။ အတည်ပြုရန် ကြန့်ကြာနေသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဩဂုတ် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက် ပြီဖြစ်သည်။  

ဥပဒေကြမ်းပါအချက်များမှ ဆွေးနွေးအတည်ပြုရန် ဆိုင်းငံ့ထားသော ကျန်ရှိနေသည့် ပုဒ်မတစ်ခုကို ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ လွတ်တော်နှစ်ရပ်နှင့် အစိုးရမှ ၃ဦးစီပါဝင်သော ၉ဦးပါ ကောင်စီကို ဖွဲ့စည်းမည်ဖြစ်ကာ ရုပ်/သံထုတ်လွှင့်ခြင်းလုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့် ရုပ်သိမ်းခြင်း တို့ကို ကောင်စီက ဆုံးဖြတ်မည်ဖြစ်သည်။

ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း ၃၀အတွင်း သမ္မတထံ အယူခံဝင်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်တွင် ယနေ့အတည်ပြုခဲ့သည်။အတည်ပြုလိုက်သည့် ယင်းဥပဒေကြမ်းကို သမ္မတထံပေးပို့သွားမည်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

ယင်းဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးပါက သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က သုံးဦးစီ အချိုးတူရွေးချယ်မည့် ကောင်စီကို ခြောက်လအတွင်းဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါကောင်စီ ဖွဲ့စည်းပြီးသည်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ရုပ်/သံလုပ်ငန်းများကို လိုင်စင်လျှောက်ထားပြီး လုပ်ကိုင်ခွင့်ရရှိတော့မည်ဖြစ်သည်။

သို့သော် အတည်ပြုလိုက်သည့် ဥပဒေကြမ်းအရ လက်ရှိ သတင်းစာ၊ ဂျာနယ်နှင့် ရုပ်/သံလုပ်ငန်းကို အပြည့်အဝ တွဲဖက်လုပ်ကိုင်ခွင့်ရရှိမည်မဟုတ်ဘဲ ပုံနှိပ်မီဒီယာလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ရုပ်/သံ လုပ်ငန်းတွင် ၃၀ရာခိုင်နှုန်းသာ ရင်းနှီးမြုပ်နှံခွင့်ရှိမည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

လက်ရှိတွင်မူ ရုပ်သံလုပ်ငန်းများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့်သာရရှိနေပြီး ဥပဒေအတည်ဖြစ်လာပါက ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရရှိတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly