ဆိုင်းနိုင်းကျွန်းဆွယ်စစ်ဆင်ရေးအတွင်း အီဂျစ်စစ်သား ၄ဦးနှင့် စစ်သွေးကြွ ၁၀ ဦးသေဆုံး

ဆိုင်းနိုင်းကျွန်းဆွယ်စစ်ဆင်ရေးအတွင်း အီဂျစ်စစ်သား ၄ဦးနှင့် စစ်သွေးကြွ ၁၀ ဦးသေဆုံး

 

ကိုင်ရို၊ အီဂျစ်၊ မတ် ၄ ။            ။ အီဂျစ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသ၌ ဆင်နွှဲခဲ့သော အီဂျစ်စစ်တပ်၏စစ်ဆင်ရေးအတွင်း ၌ စစ်သား ၄ ဦးကျဆုံးခဲ့ပြီး စစ်သွေးကြွ ၁၀ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အီဂျစ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် ထိုစစ်ဆင်ရေးစတင်ခဲ့သော ရက်စွဲနှင့် တည်နေရာကို အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ဗိုလ်မှူးကြီး တာမာအယ်လ်ရီဖေးက သူ၏ဖေ့စ်ဘုတ်စာမျက်နှာ၌ နယ်မြေရှာဖွေမှုစစ်ဆင်ရေးအတွင်း စစ်သား နှစ်ဦးနှင့် အရာရှိနှစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် အခြားအရာရှိတစ်ဦးနှင့် စစ်သား ၃ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဗီဒီယိုနှင့်တစ်ကွ ဖော်ပြခဲ့သည်။

ဒါ့အပြင် အဆိုပါပြောရေးဆိုခွင့်ရှိသူ၏အဆိုအရ အလွန်အန္တရာယ်ရှိသော စစ်သွေးကြွ ၁၀ ဦးခန့်ကို အယ်လ်အာရစ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှ တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

အီဂျစ်လုံခြုံရေးတပ်ဖွဲ့များသည် “ဆိုင်းနိုင်းစစ်ဆင်ရေး ၂၀၁၈” ကို လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ကတည်းက စစ်သွေးကြွများကြောင့် မငြိမ်မသက်ဖြစ်နေသော ဆိုင်းနိုင်းကျွန်းဆွယ်ဒေသအတွင်း နယ်မြေရှင်း လင်းရေးအတွက် စတင်ဆင်နွှဲခဲ့သည်။

စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ စစ်သား ၁၆ ဦးထက်မနည်းကျဆုံးခဲ့ပြီး စစ်သွေးကြွ ၁၀၅ ဦးခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း အီဂျစ်စစ်တပ်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ဒါ့အပြင် အစိုးရမှအလိုရှိသော ဝရမ်းပြေး များနှင့် အကြမ်းဖက်သမားများဟု သံသယရှိရသူ ၂၄၅ ဦးခန့်ကို အီဂျစ်စစ်တပ်က ဖမ်းဆီးနိုင်ခဲ့သည်။

အီဂျစ်စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် ဆိုင်းနိုင်းဒေသအတွင်း၌ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့၏ အဖွဲ့ခွဲများဖြစ်ကြသော အကြမ်းဖက်အဖွဲ့များကို လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကတည်းက စတင်၍ တိုက်ထုတ်ခဲ့ကြ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly