ပြံုယမ်းသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယား စေလွှတ်မည်

ပြံုယမ်းသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယား စေလွှတ်မည်

ဆိုးလ်၊ မတ် ၂ ။          ။ ကိုရီးယား ပြန်လည်သင့်မြတ်ရေး ဆက်လက်ကြိုးစားမှုအဖြစ် တောင်ကိုရီးယားနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ရပ်အား မြောက်ကိုရီးယားသို့   စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးမှ ပြောခွင့်ရှိသူတစ်ဦးက EPA သတင်းသို့ မတ် ၂ ရက်တွင် ပြောသည်။

အချိန်နေ့ရက်နှင့် ပါဝင်မည့် ကိုယ်စားလှယ်များကို ထုတ်ဖော်ပြောသေးခြင်း မရှိသော်လည်း “မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံးဦးဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့၏ တောင်ကိုရီးယားသို့ လာရောက်ခဲ့မှုအတွက် အပြန်အလှန်အားဖြင့် စေလွှတ်ခြင်းဖြစ်ကြောင်း” တောင်ကိုရီးယားအစိုးရက ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၁ ရက်က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖုန်းပြောဆိုခဲ့ကြခြင်းကို တောင်ကိုရီးယား သမ္မတ ရုံးက သတင်းထုတ်ပြန်ခြင်းဖြစ်ရာ အိမ်နီးချင်း မြောက်ကိုရီးယားသို့ ကိုယ်စားလှယ်အဖွဲ့တစ်ရပ် စေလွှတ်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း မွန်ဂျေအင်းက ထရမ့်က ဖွင့်ပြောခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ တောင်ကိုရီးယားခရီးစဉ်တွင် ဆွေးနွေးခဲ့သည့် အချက်အလက်နှင့် ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရေးအတွက် ယခုကိုယ်စားလွှတ်အဖွဲ့ကို   စေလွှတ်ခြင်းဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် ပြုံးချန်းဆောင်းရာသီအိုလံပစ်ပွဲတော်ကာလ ဖေဖော်ဝါရီအစောပိုင်းက ကင်ယိုဂျူံးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က တောင်ကိုရီးယားသို့ လာရောက်ခြင်းဖြစ်ကာ သမ္မတ မွန်ဂျေအင်းကို မြောက်ကိုရီယားသို့ လာရောက်ပြီး အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံမှုတွင် တက်ရောက်ပါဝင်ရန် ဖိတ်ကြားထားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အိုလံပစ်ပိတ်ပွဲတွင်လည်း အခြားသောအဆင့်မြင့်မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ကာ အမေရိကန်နှင့် ၎င်းတို့က ဆွေးနွေးရေး တံခါးဖွင့်ထားကြောင်း သမ္မတ မွန်ဂျေအင်းကို အတည်ပြုပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags