တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုအား ကိုင်တွယ်ဖြေရှင်းရန် အစိုးရ အား EU တောင်းဆို

တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုအား ကိုင်တွယ်ဖြေရှင်းရန် အစိုးရ အား EU တောင်းဆို
ဓာတ်ပုံ-EPA-EFE/NYEIN CHAN NAING

ရန်ကုန် ၊ မတ် ၁ ။           ။ ရန်ကုန် ၊ မန္တလေး ၊ ကျိုက်ထီးရိုး နှင့် နယ်စပ်တစ်လျှောက်ရှိ ဈေးကွက်များ၌ ဆင်နှင့် တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများအား ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုကို ပိတ်ပင်ရန် မြန်မာအစိုးရအား EU ဥရောပသမဂ္ဂ က တောင်းဆိုလိုက်သည်။

"မြန်မာအစိုးရကို တောရိုင်းတိရစ္ဆာန်ပစ္စည်းများတရားမဝင် ကုန်သွယ်နေခြင်းအား အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းလိုပါသည်" ဟု EU ဥရောပသမဂ္ဂ ၏ ဖေဖော်ဝါရီလ ၂၈ ရက်၊ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်အစွယ်သာမက ဆင်အရေခွံခွာယူလိုမှုကြောင့် ဆင်များကို အမဲလိုက်သတ်ဖြတ်ခံနေရသည့် အခြေအနေသည် မြန်မာနိုင်ငံတွင် မကြုံစဖူးမြင့်တက်နေပြီး   ယခုနှုန်းအတိုင်း ဆက်သွားမည်ဆိုပါက  မကြာမီကာလအတွင်း ဆင်များမျိုးသုဉ်းသွား တော့မည့် အခြေအနေဖြစ်ပေါ်လာနိုင်သည်ဟု ထောက်ပြပြောဆိုထားသည်။

ယင်းအပြင် တခြားနိုင်ငံများရှိ ပြည်တွင်းဈေးကွက်များ ပိတ်ပင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်နေမှုများ၏ ဗဟိုချက် ဖြစ်လာနေသည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ယခုလက်ရှိအခြေအနေတွင် တရုတ်နိုင်ငံတွင် ပြည်တွင်းဆင်စွယ်ရောင်းချခြင်း ဈေးကွက်အား ဇန်နဝါရီလက ပိတ်ပင်ခဲ့ပြီး ဟောင်ကောင်လည်း ဆင်စွယ်ကုန်ကူးခြင်းကိုပိတ်ပင်ရန် ကတိပြုခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာနိုင်ငံသည်လည်း တောရိုင်းတိရစ္ဆာန် နှင့်ပတ်သက်ပြီး ရာဇဝတ်မှု ကျူးလွန်ခြင်းများကို လက်ခံမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်သည်ဟု EU ဥရောပသမဂ္ဂ က တောင်းဆိုထားသည်။

မြန်မာအစိုးရအနေဖြင့် သဘာဝနယ်မြေ ၄၀ကျော်အား ကာကွယ် ထိန်းသိမ်းနေခြင်းများ ၊ ဆင်များနှင့် ကျားများအား ကာကွယ်ရန် စီမံချက်များ လုပ်ဆောင်နေခြင်း ၊ ဝန်ထမ်းများကို   လေ့ကျင့်သင်ကြားပေးခြင်း စသည့် လုပ်ဆောင်မှုများအား EU မှ ချီးကျူးပြောဆိုထားသည်။

မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၁၈ ကောင် အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC) မှ တရားဝင်ထုတ်ပြန်ထားပြီး ဆင်သားရေကုန်သွယ်မှုကြောင့် သတ်ဖြတ်ခံရသည့် ၂၀၁၆ ခုနှစ် သြဂုတ်လအထိ တောဆင်ရိုင်းပေါင်း ၃၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းအရေအတွက် သည် ရက်သတ္တပတ် တစ်ပတ်လျှင် ဆင်တစ်ကောင် နှုန်း သတ်ဖြတ်ခံရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့တောဆင်ရိုင်းကောင်ရေအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာအရ အကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ကြားသာကျန်ရှိတော့သည်ဟု တရားဝင်ခန့်မှန်းထားသော်လည်း ယင်းပမာဏအောက်များစွာ လျော့နည်းနေနိုင် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly