ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ။ ။ အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ဗဟိုဘဏ်ဥက္ကဌဖြစ်သူ ဂျာရုမ်းပိုဝဲလ်က လာရောက်အစီရင်ခံရာတွင် ပို့ကုန်လုပ်ငန်း အားကောင်းမှု ရှိခြင်းဖြင့် အမေရိကန်စီးပွားရေးက ခိုင်မာအားကောင်းမှု ရှိနေခြင်းကြောင့် ဗဟိုဘဏ် အတိုးနှုန်းကို ထပ်တိုးဖြစ်ရန် ရှိကြောင်း အလေးအနက် ပြောသည်။
“ပြီးခဲ့တဲ့ ကာလအတွင်းမှာ လေဆန်ခရီးကြုံခဲ့ရတဲ့ စီးပွားရေးဟာ လက်ရှိမှာ လေစုန်ကို ရောက်ရှိနေတယ်။ အထူးသဖြင့်တော့ ဘဏ္ဍာရေးမူဝါဒတွေက စေ့ဆော်မှု ပေးနိုင်နေပြီး အမေရိကန် ပို့ကုန်တွေကို ပြည်ပဝယ်လိုအားက ခိုင်မာတဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေတယ်။”ဟု လွှတ်တော်ဘဏ္ဍာရေးရာ ကော်မတီတွင် ပိုဝဲလ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ အစောပိုင်းက ဂျနက်ယဲလန် နေရာတွင် ရာထူးလက်ခံစဉ်မှစပြီး ပိုဝဲလ်အနေဖြင့် ပထမဆုံး လွှတ်တော်သို့ လာရောက်အစီရင်ခံခြင်း ဖြစ်သည်။
ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော ဗဟိုဘဏ်အဖွင့်ဈေးကွက်ကော်မတီ အစည်းအဝေးနောက်ပိုင်း အမေရိကန်၏ စီးပွားရေးအလားအလာသည် ခိုင်မာအားကောင်းလျက်ရှိသည်ကို ကိုယ်ပိုင်ရှုမြင်ပါကြောင်း ပိုဝဲလ်က ဆိုသည်။
၂၀၁၂ ခုနှစ်က စတင်ကာ ဗဟိုဘဏ် အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့သူ ပိုဝဲလ်က သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ပြီး ကွန်ဂရက်က မကြာမီက အတည်ပြုခဲ့သည့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုလည်း နှစ်သက်ထောက်ခံကြောင်း ပြောခဲ့သည်။
လက်ရှိတွင် ဗဟိုဘဏ် အတိုးနှုန်းထား ၁ ဒဿမ ၂၅ မှ ၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေသည်ကနေ ထပ်မံတိုးမြှင့်ရေးကို လုပ်ဆောင်ရန် ရည်ရွယ်စိတ်ကူးထားကြောင်းကို ၎င်းက ကွန်ဂရက်လွှတ်တော်တွင် ပြောဆိုခဲ့သည်။