ဖေဖော်ဝါရီ ၂၃ ။ ။ အိန္ဒိယအမျိုးသားတစ်ဦး စွဲကပ်ခံစားနေခဲ့ရသည့် ကြီးမားလှသော ဦးနှောက် အကျိတ်လုံးကြီးအား ယခုအခါ မွမ်ဘိုင်းမှ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေးလိုက်နိုင်ပြီဖြစ်သည်။
ခုနစ်နာရီ ကြာမြင့်ခဲ့သည့် ခွဲစိတ်မှုအပြီး ယခု ဖယ်ရှားပေးခဲ့ရသည့် အကျိတ်လုံးကြီးမှာ မှတ်တမ်းမှတ်ရာများအရ အကြီးဆုံးသော အကျိတ်လုံးကြီး ဖြစ်နိုင်ကြောင်း အိန္ဒိယဆရာဝန်များက ပြောသည်။
ယင်းနိုင်ငံရှိ အသက် ၃၁ နှစ်အရွယ် ဆန်တလယ် ပယ်လ် ဆိုသူ ဈေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး၏ ဦးခေါင်းတွင် အလေးချိန် ၂ ကီလိုနီးပါး ရှိသော ကြီးမားလှသည့် အကျိတ်ကြီး ဖြစ်ပေါ်စွဲကပ်နေခဲ့ရာ ယင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က ခွဲစိတ်ဖယ်ရှားပစ်ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အကျိတ်လုံးကြီးမှာ အလွန်တရာ ကြီးမားလွန်းလှခြင်းကြောင့် လူနာဖြစ်သည့် ဆန်တလယ်မှာ ဦးခေါင်းနှစ်လုံး ရှိနေသလိုမျိုးဟုပင် ထင်ခဲ့ရကြောင်း မွမ်ဘိုင်းမြို့ရှိ BYL Nair ဆေးရုံမှ ဆရာဝန်များက ပြောသည်။
" ဒီဟာက တော်တော်လေး လန့်စရာကောင်းသလို တော်တော်ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်" ဆိုပြီး အဆိုပါ ဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောဌာနမှ ဌာနမှူး ထရီမာတီ နက်ဒ်ကာနီက ပြောသည်။