ဂျရတ်၏လီဗာပူးလ်ယူ-၁၉ အသင်းက နစ်ကီဘတ်၏မန်ယူနိုက်တက်ယူ-၁၉ အသင်းကိုအနိုင်ရ

ဂျရတ်၏လီဗာပူးလ်ယူ-၁၉ အသင်းက နစ်ကီဘတ်၏မန်ယူနိုက်တက်ယူ-၁၉ အသင်းကိုအနိုင်ရ

 

ဖေဖော်ဝါရီ ၂၂၊ လီဗာပူးလ်။               ။ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကိုင်တွယ်နေသည့် လီဗာပူးလ်ယူ-၁၉ အသင်းသည် မန်ယူနိုက်တက် ကစားသမားဟောင်း နစ်ကီဘတ်ကိုင်တွယ်နေသည့် မန်ယူနိုက်တက်ယူ-၁၉ အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရပြီး ယူအီးအက်ဖ်အေ လူငယ်လိဂ်ဖလား ကွာတားဖိုင်နယ်သို့တက်ရောက်သွားသည်။

ထရန်မဲအသင်း၏ ပရန်တန်ပါ့ခ်ကွင်းတွင်ကစားသည့်ယင်းပွဲတွင် ဝေးလ်တိုက်စစ်မှူး ဘန်ဝုဒ်ဘန်းက ပွဲချိန်ပထမပိုင်း၌ ခေါင်းတိုက်ပြီးဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းတွင်သွင်းယူသည့် ရာဖေးကမာချို၏ အဝေးကန်ချက်ဂိုးက အနိုင်ကို သေချာစေခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် ကွာတားအဆင့်တွင် မန်စီးတီးအသင်းနှင့် မတ် ၁၃ သို့မဟုတ် ၁၄ ရက်တွင် ကစားရမည်ဖြစ်သည်။

လီဗာပူးလ်အသင်းတွင် ၁၇ နှစ်တာကာလအတွင်းပွဲပေါင်း ၇၁၀ ကစားခဲ့သည့်ဂျရတ်သည် ၂၀၁၆ နိုင်ဝင်ဘာတွင် ကစားသမား ဘဝမှအနားယူခဲ့ပြီး ၂၀၁၇ ဧပြီတွင် လီဗာပူးလ်ယူ-၁၈ နည်းပြဖြစ်လာခဲ့သည်။

ယင်းနောက် အသက် ၃၇ နှစ်အရွယ်နည်းပြမှာ ယခုနှစ်ယူအီးအက်ဖ်အေလူငယ်လိဂ်ပြိုင်ပွဲဝင်လီဗာပူးလ်ယူ-၁၉ အသင်းတွင် တာဝန်ပေးခံရပြီး အုပ်စုဗိုလ်အဖြစ်နှင့် ရှုံးထွက်အဆင့်ရောက်လာခဲ့သည်။

ဂျရတ်၏ အင်္ဂလန်အသင်းဖော်ဟောင်းလည်းဖြစ် မန်ယူနိုက်တက်အတွက် ၁၂ နှစ်ကြာကစားခဲ့သူလည်းဖြစ်သည့် ကွင်းလယ် ကစားသမားဟောင်းနစ်ကီဘတ်သည်လည်း ပြိုင်ပွဲဝင်မန်ယူနိုက်တက်ယူ-၁၉ အသင်းကို ကိုင်တွယ်နေခြင်းဖြစ်သည်။

မန်ယူနိုက်တက်ယူ-၁၉ အသင်းမှာ အုပ်စုတွင်းတွင် ဘေဆယ်၏နောက် ဒုတိယနေရာဖြင့် ရှုံးထွက်အဆင့်တက်ရောက်လာခြင်း ဖြစ်သည်။ အသက် ၄၃ နှစ်ရှိ ဘတ်သည် ၂၀၁၆ တွင် မန်ယူနိုက်တက်အကယ်ဒမီအကြီးအကဲဖြစ်လာခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly