အမေရိကန်ရှိ ဂရန်းကန်ယွန်၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျ၍ လူ ၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

အမေရိကန်ရှိ ဂရန်းကန်ယွန်၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျ၍ လူ ၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

 

ဂရန်းကန်ယွန်၊ ဖေဖေါ်ဝါရီ ၁၂ ။                 ။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ဧရာမချောက်ကမ်းပါးကြီးများရှိသော ဂရန်းကန်ယွန်အရပ်၌ ခရီးသွား ဧည့်သည်များကိုတင်လာသော ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားခဲ့ပြီး လူ ၃ ဦးခန့်သေဆုံးကာ ၄ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် အသက်ရှင်ကျန်ရစ်သူ ၄ ဦးကို နီဗားဒါးဆေးရုံသို့ တနင်္ဂနွေနေ့တွင် ပို့ဆောင်ကုသပေးနေပြီး သေဆုံးသွားသူများ၏ အလောင်းများကို တာဝန်ရှိသူများက သယ်ထုတ်လျက်ရှိသည်။

ဗြိတိန်ခရီးသွားဧည့်သည် ၆ ဦးနှင့် ရဟတ်ယာဉ်မောင်းသူတစ်ဦးတို့သည် ပါပီလွန်ဂရန်းကန်ယွန်ရဟတ်ယာဉ် နှင့် လိုက်ပါသွားခဲ့ကြပြီး စနေနေ့အနှောင်းပိုင်းက ကွာတားမာစတာကန်ယွန် အရပ်ဒေသအနီးတွင် အကြောင်းရင်းမသိရဘဲ ပျက်ကျသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ မီးတောက်များနှင့် မီးခိုးငွေ့များ ပျံတက်လာသည်ကို တွေ့ရှိရသည်ဟု မျက်မြင် သက်သေတစ်ဦးဖြစ်သော တက်ဒီဖူဂျီမိုတိုက ဆိုခဲ့ပြီး ပေါက်ကွဲသံများကိုကြားခဲ့ရသလို   သွေးထွက်သံယိုဖြစ် ကာ မီးလောင်ကျွမ်းခံရသူများကို တွေ့မြင်ခဲ့ရသည်ဟု ပြောခဲ့သည်။

လာ့စ်ဗီးဂတ်စ်မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သော ဖူဂျီမိုတိုသည် ရဟတ်ယာဉ်ပျက်ကျချိန်တွင် မင်္ဂလာဆောင် ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

လေထန်သော အခြေအနေ၊ ပတ်ဝန်းကျင်မှောင်မိုက်မှုနှင့် ခေါင်ခိုက်သောအရပ်ဒေသတို့ဖြစ်သောကြောင့် ရဟတ်ယာဉ်အပျက်အစီးဆီသို့ ရောက်ရှိနိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသည်ဟု သိရသည်။

ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာနေရာသို့ လမ်းလျှောက်သွားခဲ့ရပြီး ညဘက်သုံးမျက်မှန်များကို အသုံးပြု၍ လမ်းရှာခဲ့ရကြောင်း သိရသည်။

ခရီးသည် ၃ ဦးနှင့် ရဟတ်ယာဉ်မောင်းသူတစ်ဦးတို့ကို ရဟတ်ယာဉ်ဖြင့်သယ်ဆောင်ကာ လာ့စ်ဗီးဂတ်စ်ရှိ ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြပြီး ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ပါဝင်ခဲ့သော ခရီးသည် ၆ ဦးစလုံးမှာ ဗြိတိန်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags