အမေရိကန်ရော့ခ်ဂီတဝိုင်း Mr.Big ၏ တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ဒရမ်တီးသမားတစ်ဦးလည်းဖြစ်သည့် အဖွဲ့ဝင် ပတ်တော်ပီသည် ပြီးခဲ့သောဖေဖေါ်ဝါရီ ၇ ရက်နေ့က ပါကင်ဆန်ရောဂါကြောင့် အသက် ၆၄ နှစ်အရွယ် ၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းကို Mr.Big တီးဝိုင်းက ၎င်းတို့၏ တွစ်တာမှတဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး ပတ်တော်ပီ၏ နာရေး ကိစ္စအတွက် ပြင်ဆင်နေကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။
“ကျနော်တို့ရဲ့ ညီအစ်ကိုလည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်၊ ဒရမ်တီးသမားလည်းဖြစ်၊ အဖွဲ့တည်ထောင်သူလည်း ဖြစ်တဲ့ ပတ်ဟာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တုန်းက ပါကင်ဆန်ရောဂါ (အကြောအားနည်း၍ ခြေလက်တုန်သော ရောဂါ) ကြောင့် ကွယ်လွန်သွားခဲ့ပါတယ်” ဟု တွစ်တာပေါ်၌ ဖော်ပြခဲ့သည်။
ပတ်တော်ပီသည် ပါကင်ဆန်ရောဂါခံစားနေရကြောင်းကို လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကစတင်သိရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူသည် Mr.Big အဖွဲ့၏ နောက်ခံအဆိုတော်နှင့် ပါကေးရှင်းတီးခတ်သူအဖြစ် တက်ကြွစွာ ပါဝင် နေခဲ့သေးသည်။
Mr.Big အဖွဲ့ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် အဖွဲ့၏ပထမဦးဆုံး သီချင်းအယ်လ်ဘမ် ထွက်ရှိလာခဲ့သည်။ ထို့နောက် ၁၉၉၁ ခုနှစ်၌ထွက်ရှိခဲ့သော သူတို့၏ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်သည့် Lean Into It သည် Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ် ၁၅ တွင် ရပ်တည်နိုင်ခဲ့သည် အထိ အောင်မြင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် အဖွဲ့ကွဲသွားခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် Mr.Big တီးဝိုင်းကို ပြန်လည်ဖွဲ့စည်းကာ ထိုအချိန်မှစ၍ ၂၀၁၇ ဇူလိုင်လအထိ သီချင်းအယ်လ်ဘမ် ၃ ချပ်ခန့် ထွက်ရှိခဲ့သည်။
Ref: Billboard