တရုတ်နိုင်ငံက အဓိကလမ်းမကြီးတစ်ခုမှာ မြေကျွံကျမှု ဖြစ်ပြီး ရှစ်ဦး သေဆုံး၊ သုံးဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံက အဓိကလမ်းမကြီးတစ်ခုမှာ မြေကျွံကျမှု ဖြစ်ပြီး ရှစ်ဦး သေဆုံး၊ သုံးဦး ပျောက်ဆုံးနေ

 

ဖေဖော်ဝါရီ ၈ ။                      ။ တရုတ်နိုင်ငံတောင်ပိုင်းက အဓိကလမ်းမကြီးတစ်ခုမှာ ရုတ်တရက် မြေကျွံကျမှုဖြစ်စဉ်တစ်ခုဖြစ်ပြီး လူ ရှစ်ဦး သေဆုံးကာ သုံးဦး ပျောက်ဆုံးနေလျက်ရှိကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။

မြေအောက် ရထားဘူတာရုံ တည်ဆောက်ရေး ဆိုဒ်တစ်ခုမှာ ရေယိုစီးထွက်လာရာကနေ ယခုလို အဓိက လမ်းမကြီး မြေကျွံကျမှု ဖြစ်စဉ် ဖြစ်သွားခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရုတ်တရက် ယိုစီးထွက်လာတဲ့ ရေတွေက မြေအောက်လုပ်ငန်းခွင်ကို ဖုံးလွှမ်းသွားခဲ့ပြီး လေးလမ်းသွား လမ်းမကြီးမှာ ယခုလို ကျွံကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယင်းဖြစ်စဉ်ကတော့ ကွမ်တုံပြည်နယ် ဖိုရှန်မြို့မှာ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

" ဆောက်လုပ်ရေးလုပ်သား ကိုးဦးအထိ ကယ်ဆယ်ခဲ့ရပါတယ်၊ ဆက်ပြီးတော့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲပါ" လို့ မြို့အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

သေဆုံး၊ သို့မဟုတ်ပျောက်ဆုံးနေသူတွေအားလုံးက ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ကြသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယခုလို လမ်းမြေ ကျွံကျသွားမှုကြီးကတော့ အတိုင်းအတာအားဖြင့် ဘတ်စ်ကတ်ဘောကွင်း နှစ်ကွင်းစာ ပမာဏနဲ့ ညီမျှပြီး အနက်အားဖြင့် ခြောက်မီတာကနေ ခုနစ်မီတာအထိ ရှိခဲ့ကြောင်း နိုင်ငံပိုင် China Daily သတင်းစာမှာ ဖော်ပြထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags