သုံးလအတွင်း သောက်သုံးရေ ပြတ်တော့မည့် ကိတ်တောင်းမြို့

သုံးလအတွင်း သောက်သုံးရေ ပြတ်တော့မည့် ကိတ်တောင်းမြို့

ကိတ်တောင်း၊ ဖေဖော်ဝါရီ ၅ ။         ။ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံးဖြစ်သော မိုးခေါင်မှုဒဏ် ကြုံနေရသည့် တောင်အာဖရိကမြို့တော် ကိတ်တောင်းမြို့တွင် သောက်သုံးရေပြတ်လပ်တော့မည့်ဘေး ချည်းကပ်ကျရောက်လျက်ရှိနေပြီဖြစ်ရာ ရက် ၉၀ စာ အတွက်သာ ရှိတော့သည့် သောက်သုံးရေမှာ ဧပြီလအတွင်း ပြတ်လပ်သွားဖို့ရန် ရှိနေသည်။

မြို့နေဦးရေ လေးသန်းသော ပြည်သူများကြား ရေဒုက္ခအကျပ်အတည်းအတွက် တင်းမာမှုများက ဆင်းရဲချမ်းသာ အတန်းအစား ကွာခြားမှုကို မီးမောင်းထိုးပြလျက်ရှိနေသည်။

နိုင်ငံတကာဧည့်သည် လာရောက်မှုများသော ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့ဖြစ်သည့် ကိတ်တောင်းမြို့တွင် ဖြစ်သလို အိမ်ရာတည်ဆောက်နေထိုင်သော ရပ်ကွက်စုများနှင့်အတူ ပင်လယ်ကမ်းခြေ ဖက်ခြမ်းနေ ဝင်ငွေမြင့်မားသော ချမ်းသာသူအသိုင်းအဝိုင်းလည်း တစ်မြို့တည်း အတူရှိ နေထိုင်ကြခြင်း ဖြစ်သည်။

အဖိုးတန်သော ရေကို ဖြုန်းတီးပစ်ခြင်းနှင့် ပတ်သက်ကာ စိုးရိမ်မှုများ မြင့်တက်နေစဉ် ဆင်းရဲသားများက အပြစ်ဖို့ခံရကြောင်း တစ်ချို့က ပြောသည်။

ရေလုံးလုံး ပြတ်တောက်မှု ဖြစ်ပေါ်သည့် အခါ ရေစုယူနေရာများ ဖန်တီးပေးနိုင်ရေးအတွက် စစ်တပ်က ပြင်ဆင်ဆောင်ရွက်လျက် ရှိနေသည်။

ဧပြီလလယ်တွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သော သောက်သုံးရေပြတ်လပ်မှုကို ရှောင်ရှားရန် ရေသုံးစွဲမှု တင်းကြပ်စည်းကမ်းများ ချမှတ်ထားစဉ် မြို့နေများ၏ တွေ့ကြုံနေရသည့် အဖြစ်အပျက်များနှင့်   သောက်သုံးရေပြတ်လပ်ခြင်း ပြဿနာသည် မည်သည်အပေါ် အခြေတည်နေသနည်းဟု သုတေသနပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်းကို အေပီသတင်းဌာနက ပြုလုပ်ခဲ့သည်။

ကိတ်တောင်းတက္ကသိုလ် အနာဂတ်ရေအရင်းအမြစ်ဌာနမှ အမျိုးသမီး သုတေသနပညာရှင် ကီစတီကာဒင်က မြို့၏ သစ်ပင်ဝေဆာအုပ်ဆိုင်သော ဆင်ခြေဖုံးရပ်ကို ထောက်ပြသည်။ “ဒီလူချမ်းသာတွေ နေတဲ့ မြို့စွန်အရပ်မှာ ကိုယ်ပိုင်ဥယျာဉ်တွေ၊ ရေကူးကန်တွေရှိနေတာအပြင် သူတို့ဟာ ရေဘုံဘိုင်သွယ်တန်းထားကြတာမို့ ဘုံဘိုင်က အဆင်သင့်ကျတဲ့ရေကို စိတ်ကြိုက်သုံးဖြုန်းနေခဲ့တာပဲ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

တစ်ချို့သော မြို့နေများမှာ ၎င်းတို့၏ ရေသုံးစွဲမှုကို အပြောင်းအလဲ လုပ်လာကြပုံရသော်လည်း လူချမ်းသာများအရပ်တွင် ပြဿနာရှိနေသည်က ၎င်းတို့က ရေသုံးစွဲခြင်းအတွက် အခွန်ငွေကြေးပေးဆောင်ရသည်ဟု ရပ်တည်ပြောဆိုနေခြင်းပဲ ဖြစ်သည်ဟု ကီစတီကာဒင်ကပြောသည်။

မြို့လူဦးရေ၏ လေးပုံတစ်ပုံသာ ရှိသော စုပေါင်းရပ်ကွက်များမှာ နေထိုင်သူများက အိမ်ကို ရေသွယ်သုံးစွဲကြရခြင်း မဟုတ်ဘဲ အများသုံးဘုံဘိုင်မှ ရေကို သုံးစွဲနေရခြင်းဖြစ်ကြောင်း ကာဒင်က ပြောသည်။

“ဒီရပ်ကွက်အများသုံး ရေဘုံဘိုင်တွေမှာ ရေက လျှံကျနေတာတွေ၊ သွယ်တန်းပိုက်တွေ ပေါက်ပြီး ယိုစိမ့်နေတာတွေ တွေ့နေမြင်နေရတာပါပဲ။ ဒါပေမယ့် အမှန်တကယ်တိုင်းကတော့ မြို့လူဦးရေ လေးသန်းမှာ တစ်သန်းသာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်နေသူတွေရဲ့ ရေသုံးစွဲမှုဟာ စုစုပေါင်းရဲ့ ၄ ဒဿမ ၅ ရာခိုင်နှုန်းသာ ရှိနေတာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly