ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်း ဓါတ်ဆီပုလင်းဗုံး ပစ်သွင်းသူအား ဖမ်းမိ စစ်ဆေးနေ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်း ဓါတ်ဆီပုလင်းဗုံး ပစ်သွင်းသူအား ဖမ်းမိ စစ်ဆေးနေ
ဓာတ်ပုံ-Thant Zin Facebook

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂ ။                 ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဓါတ်ဆီပုလင်းဗုံး ပစ်သွင်းသူအား ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တေ်ာကိုယ်စားလှယ် ဦးသောင်းထွဋ်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။

"ဖမ်းမိတာတော့ ဟုတ်ပါတယ်။ အသေးစိတ်သိရအောင် စစ်ဆေးနေတုန်းလို့ သိထားတယ်။ မြောက်ဥက္ကလာပ ဘက်မှာမိတာလို့ သိရတယ်" ဟု ဦးသောင်းထွဋ်က ဆိုသည်။

အဆိုပါ ဓါတ်ဆီပုလင်းဗုံး ပစ်သွင်းသူသည် မြကျွန်းသာတွင် လုံခြုံရေးညစောင့်ဝန်ထမ်းလုပ်ကိုင်သူဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ကာ ယနေ့ ဖေဖော်ဝါရီ နံနက် ၃ နာရီခန့်က ဖမ်းမိခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့် ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ရှိ ခြံဝန်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့သဖြင့် ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တစ်ချောင်းမှာ မီးစွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ကျူးလွန်သူ၏ ပုံစံကို ရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly