ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ် မီးရှို့ထားသည့်ဓာတ်ဆီပုလင်းဖြင့် အပစ်ခံရ

ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ် မီးရှို့ထားသည့်ဓာတ်ဆီပုလင်းဖြင့် အပစ်ခံရ
ဓာတ်ပုံ - မင်းမင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။          ။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက်အစောပိုင်းက မီးရှို့ထားသော ဓာတ်ဆီပုလင်းဖြင့်အပစ်ခံရကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးသောင်းထွဋ်က မဇ္ဈိမသို့ အတည်ပြုသည်။

“ ၆နာရီနဲ့ ၆နာရီခွဲကြားလောက်ပေါ့။ ဝေလီဝေလင်းအချိန်မှာ ဟုတ်ပါတယ်ခင်ဗျ။ ဓာတ်ဆီပုလင်းက တစ်လုံးထဲ။ မီးရှို့ပြီးပစ်လိုက်တာပေါ့။ ဝါးရုံတောကိုနည်းနည်း စွဲလောင်သွားတာပေါ့ “ ဟု ၎င်းကဆိုသည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်တွင် မရှိသည့်အပြင် မည်သူမျှဒဏ်ရာရရှိမှုမရှိခဲ့ဟု ဦးသောင်းထွဋ်ကပြောသည်။

ခြံပြင်မှနေ၍ ဓာတ်ဆီပုလင်းကို မီးရှို့ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး CCTV မှတ်တမ်းထဲတွင်လည်း အဆိုပါ ဓာတ်ဆီပုလင်းပစ်၍ ထွက်ပြေးသူကို ရိုက်မိထား ကြောင်း ၎င်းကဆက်လက်ဆိုသည်။

ထို့ကြောင့် လတ်တလောတွင် ရဲတပ်ဖွဲ့ဝင်များလည်း ရောက်ရှိကာ စစ်ဆေးမှုများဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးနိုင်ရန်ကြိုးပမ်း နေကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly