စစ်ရေးနည်းလမ်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကချင်ပါတီများ တိုက်တွန်း

စစ်ရေးနည်းလမ်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကချင်ပါတီများ တိုက်တွန်း

 

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ။              ။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများအား နိုင်ငံရေးနည်းလမ်းဖြင့်  ဖြေရှင်းပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးကို အကောင်အထည်ဖော်ရန် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီမှ တိုက်တွန်းပြောဆိုလိုက်သည်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် စစ်ပွဲများကို လုံးဝရှောင်ရှားရန် လိုအပ်သည်ဟု ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီ မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် တနိုင်းဒေသအတွင်း၌ တပ်မတော်မှ နယ်မြေရှင်းလင်းရေး နှင့် သဘာဝသယံဇာတ ထိန်းသိမ်းရေးများ ပြုလုပ်ရန်ဆိုပြီး ဇန်နဝါရီ ၂ ရက်နေ့မှ စတင်ကာ စစ်ဆင်ရေးများ ဆောင်ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

ယင်းဒေသအတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ စစ်ဘေးရှောင်နေသည့် လူဦးရေသည် တိုးလာနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် တနိုင်းဒေသဘက်တွင်လည်း တိုက်ပွဲများအကြား လူဦးရေ ထောင်နှင့်ချီကာ ပိတ်မိနေသည်ဟု သတင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly