ဆရာမကို ဆံပင်ဆွဲ ထိုးနှက်သည့် ခုနစ်နှစ်ကျောင်းသားလေးအား လက်ထိပ်ခတ် ဖမ်းဆီးခဲ့ခြင်းက လုပ်ထုံးနှင့်ညီဟု ဆို

ဆရာမကို ဆံပင်ဆွဲ ထိုးနှက်သည့် ခုနစ်နှစ်ကျောင်းသားလေးအား လက်ထိပ်ခတ် ဖမ်းဆီးခဲ့ခြင်းက လုပ်ထုံးနှင့်ညီဟု ဆို

 

ဖလော်ရီဒါ၊ ဇန်နဝါရီ ၃၀ ။                ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားသော ခုနစ်နှစ်အရွယ်ကျောင်းသားလေးက သူ့ဆရာမဖြစ်သူကို ကျောအား အဆက်မပြတ် ထိုးနှက်ခြင်း၊ ကန်ကျောက်ခြင်းနှင့် ဆံပင်ဆွဲကာ တိုက်ခိုက်ခြင်းများ ကျုးလွန်ခဲ့ရာတွင် လက်ထိပ်ခတ်ကာ ဖမ်းဆီးခဲ့ခြင်းသည် စံသတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ကြောင်း ပညာရေး ခရိုင်တာဝန်ရှိသူများက ပြောသည်။

ဇန်နဝါရီ ၂၅ ရက်က မီယာမီရှိ စာသင်ကျောင်းတွင် ကျောင်းကန်တင်းကြမ်းပြင်ပေါ် ဆော့ကစားနေသော ပထမတန်း ကျောင်းသားလေးကို ဆရာမက မဆော့ရန် တားမြစ်ရာမှ တိုက်ခိုက်မှု   ဖြစ်ပွားခြင်း ဖြစ်သည်။

ကျောင်းသားလေးက ဆရာမစကားကို နားမထောင်ဘဲ ဆက်ဆော့နေသဖြင့် ကန်တင်းမှ ဆွဲခေါ်ခဲ့ကြောင်း၊ ကန်တင်းမှ အထွက် စြင်္ကလမ်းတွင် ဆရာမဖြစ်သူ ကျောကို ကျောင်းသားလေးက တရစပ် ထိုးကြိတ်ကာ နှစ်ဦးစလုံး ကြမ်းပြင်ပေါ် လဲကျသည့်အထိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း စီရင်စုစာသင်ကျောင်းရေးရာ ရဲတာဝန်ရှိသူ မူနစ်ဆိုရီယာနိုက ပြောသည်။

ထိုမူလတန်းကျောင်းသားငယ်ကို ကိုယ်ကိုကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း ခြိမ်းခြောက်နိုင်သည့် အရိပ်လက္ခဏာများ ရှိသည့် အမူအကျင့်များကို ထောက်ဆလျက် ဖလော်ရီဒါ စိတ်ကျန်းမာရေးဆိုင်ရာ အက်ဥပဒေအရ မီယာမီကလေးဆေးရုံသို့ နောက်ဆုံးတွင် ယာယီတင်ပို့ခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသားလေး၏ မိခင်ဖြစ်သူ မာစီအယ်ဗာရက်ဇ်က သူ့သားတွင် စိတ်ကျန်းမာရေးရောဂါ မရှိကြောင်း ဆိုသည်။

ထိုပြင် သားအား လက်ထိပ်ခတ် ဖမ်းဆီးခြင်းသည် ရဲ၏ အလွဲသုံးစားအနိုင်ကျင့်မှုဖြစ်ကြောင်း စွပ်စွဲသည်။

“ကျွန်မ ရင်ကျိုးရတော့တာပါပဲ။”ဟု ၎င်းက ဆိုသည်။ နေအိမ်တွင် သားဖြစ်သူသည် မည်သည့်ကြမ်းတမ်းရန်လိုသည့် အပြုအမူမှ မရှိခဲ့ကြောင်း ပြောသည်။

ယခုနှစ် ကျောင်းစတက်ကတည်းမှစကာ သားဖြစ်သူတွင် မည်သည့်ပြဿနာများ ကြုံခဲ့ရသည်ကို စုံစမ်းလျက်ရှိကြောင်း၊ သားဖြစ်သူမှာ ပြီးခဲ့သည့်နှစ်က အမှတ်ကောင်းကောင်းဖြင့် အောင်ခဲ့သကဲ့သို့ အခြားသော တက်ကြွလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ကာ ဆက်ဆံရေးကောင်းမွန်မှု ရှိခဲ့ကြောင်းလည်း မိခင်ဖြစ်သူ မာစီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags