ကာဘူးလ်အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၉၅ ဦးအထိရှိလာပြီဟု အာဖဂန်အာဏာပိုင်များ အတည်ပြု

ကာဘူးလ်အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၉၅ ဦးအထိရှိလာပြီဟု အာဖဂန်အာဏာပိုင်များ အတည်ပြု

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၂၈ ။           ။ အာဖဂန်နစ္စတန်နိုင်ငံကာဘူးလ်မြို့တွင် တာလီဘန်တို့၏ အသေခံကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၉၅ ဦးအထိမြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ ၁၉၁ ဦးခန့်ရှိကြောင်း အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် အတည်ပြုပြောဆိုခဲ့သည်။

အသေခံဗုံးခွဲသမားသည် စနေနေ့က ပြည်ထဲရေးဝန်ကြီးဌာနဟောင်းနှင့် အမျိုးသားလုံခြုံရေးညွှန်ကြားမှု အဆောက်အဦးအနီးရှိ လူစည်ကားသောအရပ်သို့ ဖောက်ခွဲရေးပစ္စည်းများသယ်ဆောင်လာသော လူနာတင် ကားတစ်စီးကို မောင်းနှင်လာကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖောက်ခွဲမှုမတိုင်မီတွင် လုံခြုံရေးဂိတ်က သူ့ကိုတားမြစ်မေးမြန်းခဲ့သော်လည်း လူနာများကိုဆေးရုံသို့ ပို့ဆောင် ပေးနေခြင်းဖြစ်ကြောင်း အဆိုပါတာလီဘန်ဗုံးခွဲသမားက ဖြေကြားခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် အနီးအနားရှိဈေးဆိုင်များနှင့် ယာဉ်များ၊ အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒူလာမာဂျရို့က ဒဏ်ရာရသူများမှာ အမျိုးသမီး ၉ဦး နှင့် အမျိုးသား ၁၈၂ဦးတို့ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောဆိုခဲ့သလို ဒဏ်ရာရရှိသူအရေအတွက် မြင့်တက်လာ ခြင်းဖြစ်သည်ဟုလည်း ပြောခဲ့သည်။

“ထိခိုက်ဒဏ်ရာရသူများပေမယ့် ကျနော်တို့ရဲ့ သွေးဘဏ်တိုက်ထဲမှာ သွေးလှူဖို့ အလုံအလောက်ရှိပါတယ်။ မြို့သူ မြို့သားအများအပြားဟာလည်း ဒဏ်ရာရသူတွေအတွက်   သွေးလှူဒါန်းဖို့ ဆေးရုံအသီးသီးကို လာရောက်ခဲ့ကြပါ တယ်” ဟု သူက ပြောခဲ့သည်။

ပြီးခဲ့သောအပတ်ကလည်း ကာဘူးလ်မြို့ရှိ အင်တာကွန်တီနန်တယ်ဟော်တယ်၌ စီးနင်းတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား ၁၄ဦးအပါအဝင် လူပေါင်း ၂၀ ကျော်ခန့်ကို သေဆုံးစေခဲ့သည့်ဖြစ်ရပ်အတွက် နိုင်ငံတကာအသိုင်း အဝိုင်းက တာလီဘန်အကြမ်းဖက်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ကြသလို ယခုအပတ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက်လည်း ယင်းအဖွဲ့အား ပြစ်တင်ဝေဖန်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly