ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။ ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ဘင်္ဂါလီများက သက်သေပြနိုင်ခြင်း မရှိသည်များကို အချက်အလက်များသဖွယ် လုပ်ကြံခဲ့ကြောင်း အမေရိကန်နိုင်ငံသား မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ Rick Heizman က ဇန်နဝါရီ ၂၃ ရက်က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး (MISIS)၌ ၎င်း၏ ရခိုင်ပြည်နယ်တွင်း လေ့လာခဲ့ သည့် အတွေ့အကြုံများနှင့်ပတ်သတ်၍ ပြောခဲ့ခြင်း ဖြစ်ပြီး အနောက်နိုင်ငံသားတစ်ဦးက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မိုဘိုင်းဖုန်းများ ပေါများနေသည့်ခေတ်တွင် တပ်မတော်မှ ဘင်္ဂါလီများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမျိုးသမီးများ ကို အဓမ္မပြုကျင့်ခြင်းတို့ကို ဗီဒီယို၊ ဓာတ်ပုံတစ်ခုမှ သက်သေပြနိုင်တာမျိုးမရှိတာကို တွေ့ရကြောင်း မြန်မာနိုင်ငံ အရေး ကျွမ်းကျင်သူ Rick Heizman က ပြောသည်။
"ဘင်္ဂါလီတွေက လုပ်ဇာတ်တွေကိုအကောင်းဆုံးလုပ်နိုင်သူတွေဖြစ်တယ်" ဟု မြန်မာနိုင်ငံအရေးကျွမ်းကျင်သူ Rick Heizman က ပြောသည်။
ထို့အပြင် အမှန်တကယ်အဓမ္မပြုကျင့်ခဲ့ပါက မီဒီယာများတွင် ဖြေကြားနိုင်မည်မဟုတ်ဘဲ အသတ်ခံရပြီး ဖြစ်နေလိမ့်မည် ဖြစ်သည့်အတွက် လိမ်လည်ပြောကြားနေခြင်းဖြစ်သည်ဟု သူ့အမြင်ကို ပြောသည်။
ကုလသမဂ္ဂမှ ထောက်ပံ့ပေးသည့် ဘီစကွပ် နှင့်ရိက္ခာများမှာ ဘင်္ဂါလီများတွင်တွေ့ရှိရပြီး ရခိုင်ရွာများတွင် မတွေ့ရသောကြောင့် တစ်ဖက်သတ်ထောက်ပံ့နေသည်ဟုလည်း ၎င်းက ဝေဖန်လိုက်သည်။
အမေရိကန်နိုင်ငံသားမြန်မာနိုင်ငံအရေးကျွမ်းကျင်သူ Rick Heizman သည် မြန်မာနိုင်ငံသို့ အကြိမ် ၃၀ လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်သို့သာ သွားရောက်ခဲ့ခြင်း ဖြစ်ကာ နောက်ဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသများတွင် နှစ်ပတ်ကြာနေထိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းစာရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း ဒေသခံတိုင်းရင်းသားလူမျိုးများဖြစ်သည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူလူမျိုးများကိုပါ ခရီးစဉ်အတွင်း မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ARSA ခေါင်းဆောင် Ata Ullahသည် ဆော်ဒီအာရေးဗီးယားမှ ထောက်ပံ့ငွေများနှင့် အကြမ်းဖက်တိုက်ခိုက်မှု များ မတိုင်မီကရောက်ရှိလာခဲ့ပြီး အားလုံးကိုသတ်ဖြတ်ရန် ဘင်္ဂါလီများကိုအမိန့်ပေးခဲ့သည်ဟု Rick Heizmanက ပြောသည်။
ဘင်္ဂါလီအရေးကိစ္စသည် ယခုနောက်ပိုင်းမှ ပေါ်ပေါက်လာခြင်းမျိုးမဟုတ်ဘဲ ယခင် ၂၀၁၂ ခုနှစ်ကာလများ ကတည်းက ရှိနေခဲ့သည်ဟု ၎င်းက ဆိုသည်။