အစိုးရကျောင်းများတွင် ၀င်ရောက်စာသင်ပေးမည့် အမေရိကန်စေတနာဝန်ထမ်းအဖွဲ့သစ်များ ထပ်မံရောက်ရှိမည်

အစိုးရကျောင်းများတွင် ၀င်ရောက်စာသင်ပေးမည့် အမေရိကန်စေတနာဝန်ထမ်းအဖွဲ့သစ်များ ထပ်မံရောက်ရှိမည်

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ။       ။ အစိုးရအခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင်  အင်္ဂလိပ်စာလာရောက်သင်ကြားပေးမည့် American Peace Corps စေတနာဝန်ထမ်းအဖွဲ့ဝင်သစ်များ ၇ရက်အတွင်းရောက်ရှိလာမည်ဟု အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယခုရောက်ရှိလာမည့် စေတနာဝန်ထမ်းများသည် စုစုပေါင်း ဆရာ/ဆရာမ ၃၂ ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်မည့် တတိယမြောက်အသုတ်လည်း ဖြစ်သည်။

"စေတနာဝန်ထမ်းများ၏ လုပ်ဆောင်ချက်များမှတဆင့် ကလေးငယ်များ၏ ဘဝကို တိုးတက်ပြောင်းလဲစေမည့် အခွင့်အလမ်းများ လမ်းပွင့်စေပြီး နှစ်နိုင်ငံပြည်သူအကြား  ရှိနှင့်ပြီးသောဆက်နွယ်မှုကို ပိုမိုခိုင်မာအားကောင်းလာစေမည့် စေတနာ့ဝန်ထမ်းအသစ်များ မြန်မာနိုင်ငံကိုရောက်ရှိလားခြင်းကို ဂုဏ်ယူစွာကြိုဆိုပါတယ်" ဟု အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ဆိုသည်။

ယင်းစေတနာ့ဝန်ထမ်းများသည် ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာ ပို့ချသင်ကြားခြင်း၊ ဆရာဆရာမများနှင့် ရပ်ရွာလူထုကို အင်္ဂလိပ်စာနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည် ဖြစ်သည်။

"ဒီနှစ်မှာ ထပ်ရောက်လာမယ့် စေတနာ့ဝန်ထမ်းတွေကို ကြိုဆိုဖို့ စိတ်လှုပ်ရှားနေပါတယ်။ အစီအစဉ်တွေကို မွန်ပြည်နယ်ထဲမှာ တိုးခဲျ့ဆောင်ရွက်သွားပါမယ်" ဟု Peace Corps ၏ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ မော်ရာဖော်လ်တန်က ဆိုသည်။

စေတနာ့ဝန်ထမ်းများအနေဖြင့် စာသင်ခန်းများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းမပြုမီ မြန်မာဘာသာစကား၊ မြန်မာယဉ်ကျေးမှုနှင့် သင်ကြားရေးနည်းများကို လုပ်ငန်းခွင်အကြိုသင်တန်း၌ ရက်သတ္တပတ် ဆယ်ပတ်ကြာ အရင်သင်ယူရမည်ဖြစ်သည်။

Peace Corps အစီအစဉ်သည် မြန်မာနိုင်ငံ၌ စတင်သည်မှာ တတိယမြောက်အကြိမ်ဖြစ်ပြီး Peace Corps အစီအစဉ်အား လက်ခံအကောင်အထည်ဖော်ဆောင်သည့် ၁၄၁ နိုင်ငံမြောက်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly