သမ္မတရွေးကောက်ပွဲ၌ ဒုတိယအကြိမ်ဝင်ပြိုင်ရန် အသင့်ဖြစ်နေပြီဟု ဗင်နီဇွဲလားသမ္မတမာဒူယို ပြောဆို

သမ္မတရွေးကောက်ပွဲ၌ ဒုတိယအကြိမ်ဝင်ပြိုင်ရန် အသင့်ဖြစ်နေပြီဟု ဗင်နီဇွဲလားသမ္မတမာဒူယို ပြောဆို

 

ကာရာကတ်စ်၊ ဗင်နီဇွဲလား၊ ဇန်နဝါရီ ၂၄ ။           ။ ဗင်နဲဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူယိုက အကယ်၍သူ၏ ဆိုရှယ်လစ်ပါတီက သူ့ကိုသမ္မတလောင်းအဖြစ် ထပ်မံရွေးချယ်ပါက ရွေးကောက်ပွဲ၌ ဒုတိယအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သွားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြွေးကြော်ခဲ့သည်။

“ကျနော်ဟာ ထောင်လွှားမရှိပဲ နှိမ့်ချတတ်တဲ့ အလုပ်တကယ်လုပ်တတ်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ တကယ်လို့ ဗင်နီဇွဲလားနိုင်ငံရဲ့ ညီညွတ်သောဆိုရှယ်လစ်ပါတီအနေနဲ့ ကျနော်ဟာ သမ္မတလောင်းဖြစ်သင့်တယ်လို့ ယုံကြည်ထားမယ်ဆိုရင် ကျနော့်ဘက်က တာဝန်ထမ်းဆောင်ဖို့အသင့်ပါပဲ” ဟု အသက် ၅၅ နှစ်အရွယ် မာဒူယို က ကာရာကတ်စ်မြို့မှ သူ့ကိုထောက်ခံသူလူအုပ်ကြီးအား မိန့်ခွန်းမပြောမီတွင် သတင်းထောက်များကို ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ်ကဖြစ်ပွားခဲ့သော နိုင်ငံအတွင်းရှိဆန္ဒပြပွဲများ၌ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့၏ အရေးယူဒဏ်ခတ်ခြင်းကို ခံနေရသည့် ဗင်နီဇွဲလားနိုင်ငံ၌ လာမည့် ဧပြီလအကုန်တွင် သမ္မတရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း တိုင်းပြုပြည်ပြုလွှတ်တော် က အင်္ဂါနေ့၌ ကြေညာခဲ့သည်။

အတိုက်အခံပါတီများ၏ ဝေဖန်မှုနှင့်ကြုံတွေ့နေရသော်လည်း ဆိုရှယ်လစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒီယိုဒါဒိုကာဘယ်လိုက လက်ရှိသမ္မတမာဒူယိုသည် ၎င်းတို့ပါတီ၏ တစ်ဦးတည်းသော သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု လွှတ်တော်ထဲ၌ အတည်ပြုပြောဆိုထားခဲ့သည်။

“ကျနော်တို့ဘက်က ဘာပြသနာမှမရှိပါဘူး။ ဒီတော်လှန်ရေးကြီးကို ဆက်လက်ဖော်ဆောင်သွားဖို့အတွက် ကျနော်တို့ဘက်က သမ္မတလောင်းအဖြစ်ဝင်ပြိုင်မယ့်သူတစ်ဦးပဲရှိပါတယ်” ဟု သူက ပြောကြားခဲ့ပြီး အခြား ကိုယ်စားလှယ်များက “နစ်ကိုးလပ်စ်၊ နစ်ကိုးလပ်စ်” ဟု ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly