လူငယ်နဲ့ မြန်မာစာအရေးအသား အမှားပြဿနာ ၃

လူငယ်နဲ့ မြန်မာစာအရေးအသား အမှားပြဿနာ ၃

 

လူငယ်ဆိုတာ စိတ်ကူးထဲရှိတာကို အလွယ်တကူ စာနဲ့ချရေးတတ်တဲ့အရွယ်ပါပဲ။ အခုလို ကိုယ်ပိုင် အင်တာနက်ကွက်ရက်စာမျက်နှာတွေ ပေါ်ပေါက်လာတဲ့အခါ စိတ်ကူးကို  စာအဖြစ်ချရေးဖို့ ပိုပြီးတော့လွယ်ကူလာကြရပါတယ်။ ဒီတော့ကာ လူငယ်တွေ စာပိုပြီးရေးလာကြတာ အမှန်ပါပဲ။  ဒါဟာ ကောင်းမွန်တဲ့ အခြေအနေသစ်တစ်ရပ်ပါပဲ။

ဒီလို အလွယ်တကူ စာချရေးဖို့ အခြေအနေပေးလာတဲ့အခါ ကိုယ်ရေးကိုယ်တာလေးတွေကိုလည်း မဆိုင်းမတွ ချရေးလာကြပါတယ်။ ဒါထက် တဆင့်တက်တော့ ရသဟန်ပါတဲ့ ခံစားချက်ပါတဲ့ စာတိုပေစတွေ ရေးလာကြပါတယ်။ လူငယ်တိုင်း ရင်ထဲရှိတာ ချရေးဖို့အတွက် လွယ်ကူလာရပါတယ်။ ရေးလည်း ရေးကြပါတယ်။

ဒီလိုရေးတဲ့အခါ ရေးပုံရေးနည်း အလေ့အကျင့်ရလို့၊ ရေးနည်းအထွေထွေကို လိုက်ဖတ်ပြီး သိလို့၊ အတုယူပြီးရေးတာမျိုးမဟုတ်ဘဲ ကိုယ့်ဖါသာဆုံးဖြတ်ရွေးချယ်ရေးသားရတဲ့ လွတ်လပ်မှုအခြေအနေဖြစ်တာမို့ ကိုယ်ရေးတဲ့စာတွေဟာ ရေးထုံးရေးနည်း မှန်၏မမှန်၏၊ စကားလုံးပေါင်းသတ်ပုံတွေ မှန်၏မမှန်၏ စစ်ဆေးဖို့ရာ အခွင့်အရေးနည်းပါးကြရပါတယ်။ ဒီတော့ကာ ကိုယ်မှန်တယ်ထင်တဲ့စာရေးနည်းကိုပဲ အမှန်ပဲလို့ ထင်တတ်ကြတာမျိုး၊ ဒီကြားထဲ ကိုယ့်လောက် မရေး၊ ကိုယ့်လောက်မသိတဲ့ အပေါင်းအသင်းတချို့ကလည်း ဝိုင်းပြီး ချီးကျူးကြ၊ အသိအမှတ်ပြုကြတဲ့အခါ ကိုယ်ရေးတာ မှန်တယ်ကောင်းတယ်ဆိုတဲ့ အကဲဖြတ်မှုကို ကိုယ်ကပဲ ဆုံးဖြတ်သတ်မှတ်ရသလိုဖြစ်လာပါတယ်။ အဲဒီအခါ မှားလို့မှားမှန်းမသိ၊ အမှားကြာ အမှန်လို့ထင်ပြီး မှားနေပြီလို့ သိတဲ့အချိန်ကြတော့ ပြန်ပြင်ဖို့ အလေးအနက်ထားစဉ်းစားဖို့ ခက်ခဲကုန်ကြရပါတယ်။

ဥပမာ အသက် ၁၈ နှစ်အရွယ်မိန်းကလေးက စာပေဝါသနာပါတယ်ဆိုပါစို့။ သူက သူ့ခံစားချက်ကို သူဖတ်ဖူးတဲ့ စာတွေထဲကလို ဖွဲ့ကာနွဲ့ကာ စီကာပတ်ကုံး ရေးချင်တယ်ဆိုပါစို့။ သူ့မှာကလည်း ဖေ့စ်ဘုတ်စာမျက်နှာလို့ခေါ်တဲ့ ကိုယ်ပိုင်စာမျက်နှာကလည်း ရှိနေပြီဆိုပါစို့….။ သူ မလွဲမသွေ ရေးတော့တာပါပဲ။ အဲသလိုရေးတဲ့အခါ အနိမ့်ဆုံးအားဖြင့် စကားလုံးပေါင်းသတ်ပုံတွေကစပြီး မှားပါတော့တယ်။

အခုလူငယ်တွေဟာ စာရေးနည်းအခြေခံနှစ်မျိုးရှိတဲ့အနက် စကားပြောရေးဟန်ကို ရွေးပြီးရေးတတ်ကြတာ များပါတယ်။ အများအမြင်မှာ စကားပြောရေးဟန်က စကားပြေရေဟန်ထက် ပိုလွယ်တယ်လို့ ယူဆထားကြလို့ ဖြစ်ပါတယ်။ အောက်မှာ ခင်မင်ရတဲ့ မိန်းမငယ်တစ်ဦးရေးထားတဲ့ စာပိုဒ်ကလေးတစ်ပိုဒ်ကို လေ့လာကြည့်ကြရအောင်ပါ။

“ မနက်(တုံး)က ကျမ အိမ်ကထွက်လာ(ပီး) ဘတ်စ်ကားပေါ်(တတ်)တဲ့အခါ သူ့ကို စပြီး သတိ(ယ)ပါတယ်။ သူနဲ့ကျမ စကားမပြောဖြစ်တာ ကြာပြီ(လေး)။ (ခတ်)တာက ဘယ်သူကမှ စကားစပြီး မပြောကြတော့ ကျမတို့ စကားမပြော(ပဲ)နေခဲ့တာ ဆယ်ရက်ရှိပြီ(လေး)။ ဒီကနေ့တော့ သူ့ကို ကျမကစပြီး စကားပြောတော့မယ်။ လူတွေ စကားမပြောတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အသိအမြင်တွေ ပိုပြီး ဝေး(တက်)ကြတယ်လို့ ပြောကြပါတယ်။ စကားမပြောတဲ့သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်မှုလွဲကြ ပိုပြီး အထင်အမြင်လွဲတတ်ကြတယ်လို့လည်း ကြား(ဘူး)ပါတယ်။ ချစ်သူတွေဆိုရင်တော့ ပိုပြီး(စိုး)ပြီပေါ့။ ပိုပြီး ခံစားကြရပြီပေါ့။  ဒါကြောင့်မို့ ဒီကနေ့တော့ ကျမတို့ စကားမပြော(ပဲ)နေခဲ့ကြတာကို နိဂုံးချုပ်ပစ်လိုက်တော့မယ်။ သူနဲ့ကျမကြား သည့်ထက်ပိုပြီး မဝေးချင်တော့(ဖူး)၊ မအေး(စတ်)ချင်တော့(ဖူး)။ ဒီလိုဆိုရင်ဖြင့် ကျမနဲ့သူနဲ့ ပေါင်းစပ်ဖို့ ထာဝရလက်တွဲဖို့ ပိုပြီး(နည်း)လာစေမလားဘဲ။ တစ်ခါတလေတော့လည်း သူက အခုလို  စကားမပြော(ပဲ)နေတဲ့အခါ ကျမ နာ(ကြင်)ရပါတယ်။ တစ်ခါတလေ သူက ကျမကို သူများနဲ့(ပုပ်)(ခပ်)(တက်)ပါတယ်။ ဒါပေမယ့် ကျမမ(တုံ)(လှုတ်)ခဲ့ပါ(ဖူး)။”

ဒီစာပိုဒ်လေးဟာ ရိုးရိုးရှင်းရှင်းရှင်းနဲ့ သဒ္ဒါအထားအသို မှန်ကန်တဲ့စာပိုဒ်ပါပဲ။ ဒီလို ပြေပြေပြစ်ပြစ် သဒ္ဒါမှန်အောင်ရေးတတ်ဖို့ဆိုတာလည်း လူငယ်တစ်ဦးအဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် သူကတော့မှန်အောင်ရေးနိုင်ပါတယ်။ ဒါပေမယ့် ကွင်းစကွင်းပိတ်ပြထားတဲ့စကားလုံးပေါင်းတွေက မှားနေပါတယ်။ ဒါကြောင့်မို့ တော်တော့်ကို သရုပ်ပျက်သွားရပြန်ပါတယ်။ စာဖတ်ရတာ ဖတ်ရင်းဖတ်ရင်းက ဒေါသဖြစ်ရလောက်အောင် မုဒိတာပွားရပါတယ်။ ဖြစ်မှဖြစ်ရလေ။ စာပိုဒ်ကလေးက ကောင်းချင်ရဲ့သားနဲ့ စာလုံးပေါင်းသတ်ပုံတွေက မှားချင်တိုင်းမှားနေတော့ ခဲလုံးပါတဲ့ ဒန်ပေါက်ထမင်းစားရသလိုပါပဲလို့ ညီးတွားရမလိုဖြစ်ရပါတယ်။

ဒါပါပဲ။

အောက်မှာ အဲဒီစာပိုဒ်ထဲက စကားလုံးပေါင်း အမှားနဲ့အမှန် ယှဉ်တွဲပေးလိုက်ပါတယ်။

အမှား-----အမှန်

တုံး- တုန်း

ပီး- ပြီး

တတ်- တက်

ယ- ရ

လေး- လေ

ခတ်- က်

ပဲ- ဘဲ

တက်- တတ်

ဘူး- ဖူး

စိုး- ဆိုး

ဖူး- ဘူး

စတ်- စက်

ပဲ- ဘဲ

နည်း- နီး

ပဲ- ဘဲ

ကြင်- ကျင်

ပုပ်- ပုတ်

ခပ်- ခတ်

တက်- တတ်

တုံ- တုန်

လှုတ်- လှုပ်

ဖူး- ဘူး

ဒီနေရာမှာ အသံထွက် တူပြီး အနက်အဓိပ္ပါယ်ဆန့်ကျင်ဘက်သဘောဆောင်တဲ့ “တသပ်နဲ့ပသတ်” စကားလုံးတချို့၊ စိတ်ဝင်စားဖို့ကောင်းပြီး မှတ်သားဖို့ကောင်းတဲ့ အသတ်အတွဲလေးတစ်တွဲ နိဂုံးချုပ်လက်ဆောင်ပါးလိုက်ချင်ပါတယ်။

မှတ်သားရမယ့်နည်းက “ချင်းလုံး(ခတ်)သည်” ဆိုတဲ့စာကြောင်းနဲ့ “ရေ(ခပ်)သည်”ဆိုတဲ့စာကြောင်းနှစ်ကြောင်းမှာ ကွင်းစကွင်းပိတ်ပြထားတဲ့ စကားလုံးတွေဟာ အသံထွက်တူတာတွေ့ကြရပါလိမ့်မယ်။ ဒါပေမယ့် အဓိပ္ပါယ်က ဆန့်ကျင်ဘက်သဘောဆောင်ပါတယ်။ (တသတ် ခတ်)သည် အပြင်ကိုထုတ်တဲ့သဘောဖြစ်ပြီး (ပသတ်ခပ်)သည် အထဲကိုသွင်းတဲ့သဘောဖြစ်နေတာတွေ့ရပါလိမ့်မယ်။ ဒီအချက်ကလေးကို သတိမူပြီး (တသတ်နဲ့ ပသတ်) စကားလုံးပေါင်းကို စိတ်ထဲမှတ်သားပြီးရေးရင်လည်း အမှားနည်းစေနိုင်ပါတယ်။

မှန်ပါတယ်။ မြန်မာစာဟာ ကျနော်တို့ ငယ်စဉ်ကတည်းက ထိတွေ့ကြားနာရေးသားလာကြရတဲ့စာပေပါပဲ။ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ပြောသလိုပြောရရင် ငယ်ပေါင်းကြီးဖေါ်ပါပဲ။

ငယ်ပေါင်းကြီးဖေါ်ဆိုတော့ အလေးအနက်ထားဖို့ မေ့တတ်ကြပါတယ်။ စာမေးပွဲမှာ ဘယ်လိုဖြေဖြေ အမှတ် ၄၀ တော့ ရပါတယ်ဆိုတဲ့အသိနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ သတိထားမိကြတဲ့သူတွေကတော့ လက်ရှိအခြေအနေဟာ မြန်မာစာရေးထုံးတွေ အမှားအယွင်းအများဆုံးအချိန်ဖြစ်တယ်လို့တောင်မှ ပြောသံကြားလာရပါတယ်။ ဝမ်းနည်းဖို့ကောင်းပါတယ်။

နောက်တစ်နေ့ကြရင် စကားလုံးပေါင်းသတ်ပုံများ မှန်မှန်ကန်ကန် ရေးနိုင်ဖို့ ဘယ်လိုမှတ်သားသင့်တယ်ဆိုတဲ့အချက်ကို ဆက်ပြီးဆွေးနွေးပါ့မယ်။ ဒီကနေ့အထိတော့ စကားလုံးပေါင်းသတ်ပုံတွေ အလွယ်တကူမှားတတ်ကြတာကို လွယ်ကူတဲ့ဥပမာတွေနဲ့ပဲ ဆွေးနွေးခဲ့ပါတယ်။

လူငယ်များ မြန်မာစာအရေးအသား အလေးအနက်ထား ရေးသားကြစေရန် အကြံပြုလိုက်ပါတယ်။

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36309

အပိုင်း( ၂ ) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36435

Mizzima Weekly