အင်းစိန်လမ်းမပေါ်တွင် တက္ကစီ ယာဉ်မောင်းတစ်ဦး အသတ်ခံရ

အင်းစိန်လမ်းမပေါ်တွင် တက္ကစီ ယာဉ်မောင်းတစ်ဦး အသတ်ခံရ
ဓာတ်ပုံ- ERSSDO

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၅ ။                 ။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ရန်ကုန်အင်းစိန်လမ်းမပေါ်၊ အ.ထ.က ၂ အနီး ချစ်ရိပ်မွန်လမ်းထိပ်တွင် တက္ကစီ ယာဉ်မောင်းတစ်ဦး အသတ်ခံရကြောင်း သိရသည်။

အဆိုပါ တက္ကစီယာဉ်မောင်းဖြစ်သူအား ဇန်နဝါရီလ ၁၄ ရက်၊  ည ၈ နာရီ၊ ၄ဝ မိနစ်ခန့်တွင် တက္ကစီယာဉ် ဘေးအနီးတွင် ဓားဒဏ်ရာများဖြင့် လဲကျလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကူညီပေးခဲ့သည့် အရေး ပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

လက်ရှိတွင် အဆိုပါ တက္ကစီယာဉ်မောင်းအသတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး အင်းစိန်မြို့နယ်ရဲစခန်းတွင် (ပ) ၁၄၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ (လူသတ်မှုပုဒ်မ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း၊တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲမှူး ကိုကိုထွေးက မဇ္ဈိမသို့ ပြောသည်။

“ အခုအမှုနဲ့ ပတ်သက်ပြီး စုံစမ်းဆောင်ရွက်မှုတွေလုပ်နေပါတယ်။ လက်ရှိကတော့ ၁၄၂/၂ဝ၁၈၊ ပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်မှုတွေလုပ်နေပါတယ် ”ဟု ဒုရဲမှူး ကိုကိုထွေးကပြောသည်။

ဓားဖြင့်ထိုးခံရသည့် တက္ကစီယာဉ်မောင်းဖြစ်သူအား အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း(ERSSDO)မှ လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ အချိန်မီကူညီပို့ဆောင်ပေးခဲ့သော်လည်း လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ ဖုန်းဝင်လာတဲ့အချိန် ကျွန်တော်တို့ အသင်းက လူနာတင်ယာဉ်နဲ့ ချက်ချင်း သွားခဲ့တယ်။ ပထမတုန်းကတော့ ကျွန်တော်တို့က အက်စီးဒင့်ဖြစ်ထားတယ်ပဲ ထင်တာပေါ့နော်။ လမ်းဘေးမှာလဲနေတယ်ဆိုပြီးတော့ ရဲကင်းမှူး ကနေ ဖုန်းဝင်လာတာကိုး..ဒါကြောင့် အက်စီးဒင့်ဖြစ်ထားတယ်လို့ပဲ သိထားတယ်။ နောက်မှ ဆေးရုံရောက်တဲ့ အခါ စစ်ဆေး ကြည့်တဲ့အခါမှ ခန္ဒာကိုယ်မှာ ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာတွေ ဓားချက်တွေ တွေ့ရတာပေါ့ ”ဟု ERSSDO အသင်းမှ ဦးအောင်ပိုင်က ပြောသည်။

ထိုသို့ တက္ကစီယာဉ်မောင်းအသတ်ခံခဲ့ရသည့်အမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးဒုတိယရဲတပ်ဖွဲ့မှူး ၊ ခရိုင်ရဲ တပ်ဖွဲ့မှူး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ လာရောက် စစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း ဦးအောင်ပိုင်ပြောပြချက်အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly