ရန်ကုန်၊ ဇန်နဝါရီ ၉ ။ ။ ရခိုင်ပြည်နယ် လူမှုဖူလုံရေးနှင့် စီးပွားရေးတိုးတက်ရေးအတွက် အကျိုးပြုနိုင်ရန် ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းအား ဆောလျင်စွာ ဆောင်ရွက်စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသော ရွေ့လျားအိမ်ရာအလုံး(၁၀၀) (Assembled Board Houses (100) Units) လွှဲပြောင်းလက်ခံပွဲအခမ်းအနား တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆင်းရဲမှုလျှော့ချခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဖွ့ံဖြိုးတိုးတက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းစေခြင်း စသည့် နည်းလမ်းဖြင့် ရခိုင်ပြည်နယ် ထာဝရအေးချမ်း လုံခြံုစိတ်ချရေးကို ဖော်ဆောင်ရန်လိုကြောင်းလည်း ၄င်းကဆိုသည်။
အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအားအကောင်အထည်ဖော်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ စီးပွားရေးတိုးတက်ရေးအတွက် အထောက်အကူဖြစ်လာလိမ့်မည်ဟု တရုတ်သံအမတ်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင်ရှိသည့် ဆင်းရဲနွမ်းပါးမှုပြဿနာကို ထိရောက်စွာဖြေရှင်းပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝကောင်းမွန်လာရန်၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်လင့်ကြောင်းလည်း ၄င်းကဆိုသည်။
တရုတ်ဘက်မှ မြန်မာဘက်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုပြီး မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကို အားပေးထောက်ခံကြောင်းလည်း Mr. Hong Liang ကပြောဆိုခဲ့သည်။
တရုတ်ပြည်သူ့တမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားအိမ်ရာအလုံး(၁၀၀) သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ယခုလှူဒါန်းမှုသည် ဒုတိယအကြိမ်ဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံမှ နည်းပညာရှင်များသည် ရွေ့လျားအိမ်ရာ တပ်ဆင်နည်းကို မြန်မာနိုင်ငံနည်းပညာရှင်များအား နည်းပညာသင်တန်းများပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံမှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ၌ ပေ၉၀ ၁၈ပေ အကျယ်ရှိ ရွေ့လျားအိမ်ရာအလုံးရေ(၂၃၂)လုံးကို သဘာဝဘေးအန္တရာယ်အတွက် လှူဒါန်းခဲ့ဖူးသည်။ ၄င်းနောက် ယခုဒုတိယအကြိမ် အလုံး(၁၀၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။